၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဟောင်း ကိုဆက်အောင်နိုင်ကို ရေဝေးသုသာန်တွင် သင်္ဂြိုလ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဟောင်း ကိုဆက်အောင်နိုင်ကို ရေဝေးသုသာန်တွင် သင်္ဂြိုလ်

ရန်ကုန် အောက်တိုဘာ ၁၀ ။          ။ ၈၈ မျိုးဆက်၊ ဗကသ ကျောင်းသားခေါင်းဆောင် ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဆက်အောင်နိုင်၏ ဈာပနအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ၊ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

ကိုဆက်အောင်နိုင်သည် ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်ဟောင်းနှင့် ပြည်သူ့တိုးတက်ရေးပါတီ၊ အတွင်းရေးမှူးဟောင်း ဦးလှရွှေ၏သားဖြစ်ပြီး ၁၉၈၈ လူထုအရေးတော်ပုံနှင့် ဒီမိုကရေစီအရေးလှုတ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။

" ကိုဆက်အောင်နိုင်ဟာ ၈၈ ကျောင်းသားလှုပ်ရှား မှုမှာ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်တယ်၊ အောက်မြန်မာပြည် ဗကသ များအဖွဲ့ချုပ်ရဲ့အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်တယ်၊ ရန်ကုန်ခရိုင် ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းစဉ်အခါက လည်း တက်တက် ကြွကြွပါဝင် လှုပ်ရှားခဲ့သူ တစ်ဦး ဖြစ်တယ်၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ လည်း အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ ဖြတ် သန်းခဲ့ရတယ်၊ ကိုအောင်ဆက်နိုင်တို့လို နိုင်ငံရေး အကျဉ်းသားတစ်ချို့ဆို အကျဉ်းထောင်ထဲမှာ သေသွားတာတွေရှိတယ်၊ စိတ်ကျန်းမာရေး ထိခိုက်သွားတာ တွေလည်း ရှိတယ်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းပြီး အကျဉ်းထောင်ထဲမှာ ရလာတဲ့ ဒဏ်ရာတွေ ဝေဒနာတွေနဲ့ အပြင်ရောက်လာတဲ့ အခါလည်း ဘဝတစ်ခုရပ်တည်ဖို့ခက်ခဲတဲ့ ရဲဘော် တွေလည်း အများကြီးရှိတာပဲ၊ အားလုံးခြုံပြောရရင် စနစ်ဆိုးကြီးကို ဖြတ် သန်းပြီးတော့ ဒီစနစ်ဖျက်သိမ်းရေးတိုက်ပွဲကို အတူ တကွ တိုက်ပွဲဝင် ကြိုးစားခဲ့သူတွေပါပဲ၊အဲဒီ ရဲဘော် တွေရဲ့ မလျှော့တမ်းဇွဲလုံ့လကို လေးစားတယ်၊ ကိုဆက်အောင်နိုင်ကလည်း အဲဒီလိုရင်းနှီးပေးဆပ် မှုတွေ များခဲ့တဲ့သူပဲ" ဟု ဈာပနအခမ်းအနားသို့ တက်ရောက် လာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဥက္ကဋ္ဌ ဟောင်း ကိုကျော်ကိုကိုက မဇ္ဈိမသို့ ပြောသည်။

ကိုဆက်အောင်နိုင်သည် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အထိ အင်းစိန်နှင့် သရက်အကျဉ်းထောင်တွင် လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ နိုင်ငံရေးလှုပ်ရှားမှုများဖြင့် အင်းစိန်အကျဉ်းထောင်တွင်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရသည်။

အောက်တိုဘာလ (၈) ရက် ညနေ ၅ နာရီ ၄၅ မိနစ်က သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ် သည်။

ကိုဆက်အောင်နိုင်၏ဈာပနအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များ တက်ရောက်ခဲ့ကြပြီး အောက်မေ့ဂုဏ်ပြုခြင်း တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းနှင့် ၁၉၉၂ ခုနှစ်က ကိုဆက်အောင်နိုင်ကိုယ်တိုင် သရက်ထောင်တွင်း ရေးစပ်ခဲ့သည့် ' မိုးသောက်ငှက် အိမ်အပြန် ' သီချင်းကို သတိတရသံပြိုင် သီဆိုခြင်း အစီအစဉ် များ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required