Creed 2 ဇာတ်ကားကို ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးထုတ်လုပ်မည့် စတားလုံး

Creed 2 ဇာတ်ကားကို ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးထုတ်လုပ်မည့် စတားလုံး

 

မင်းသားကြီးဆီဗက်စတြာစတားလုံးက သူသည် ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့သည် လက်ဝှေ့ဇာတ်ကား Creed ၏ ဒုတိယဇာတ်ကား Creed 2 ကို ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးထုတ်လုပ်မည်ဖြစ်ပြီး မင်းသားများအဖြစ် သူနှင့် မိုက်ကယ်ဘီဂျော်ဒန်တို့က ဦးဆောင်သရုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

စတားလုံးသည် တနင်္လာနေ့က သူ၏အင်စတာဂရမ်၌ သူနှင့်ဂျော်ဒန်တို့အတူရိုက်ထားသော ဓာတ်ပုံကိုတင်ခဲ့ပြီး “မိုက်ကယ်ဘီဂျော်ဒန်နဲ့အတူ လာမယ့်နှစ်မှာ Creed 2 ကို ရိုက်ကူးထုတ်လုပ်သွားဖို့ ရှိပါတယ်။ တစ်ကျော့ပြန် လာပါဦးပါမယ်” ဟု ပုံနှင့်တကွ စာရေးသားကာ ပရိသတ်များကို အသိပေးခဲ့သည်။

၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့သော Creed ကို ဒါရိုက်တာရိုင်ယန်ကူဂလာက ရိုက်ကူးခဲ့ပြီး Rocky လက်ဝှေ့ဇာတ် ကားများ၏ အဆက်အဖြစ်ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားထဲ၌ စတားလုံး၏ ဇာတ်ကောင် ရော့ကီးဘယ်ဘိုအာ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်သော အပိုလိုခရိဒ်၏ သားဖြစ်သူ အဒိုးနစ်ခရိဒ်အဖြစ် ဂျော်ဒန်က သရုပ်ဆောင်ခဲ့ သည်။

Creed ဇာတ်ကားသည် ရုံဝင်ငွေဇယား၌ အောင်မြင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ရုံဝင်ငွေ ဒေါ်လာ ၁၇၃ သန်းခန့်ရရှိခဲ့ သည်။ ဒါ့အပြင် စတားလုံးသည် အကယ်ဒမီဆုပေးပွဲ၌ ထိုဇာတ်ကားနှင့်အတူ အကောင်းဆုံးဇာတ်ပို့မင်းသား အဖြစ် ဇကာတင်စာရင်းထဲတွင်ပါဝင်ခဲ့သလို ရွှေကမ္ဘာလုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

Creed 2 ၏ ရိုက်ကူးရေးများကို လာမည့်နှစ်၌ စတင်သွားမည်ဖြစ်ကြောင်း စတားလုံးက ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly