မြန်မာ့တပ်မတော်အကြီးအကဲတွေအပေါ် အီးယူ တုန့်ပြန်ချက် မူကြမ်း ပေါက်ကြား

မြန်မာ့တပ်မတော်အကြီးအကဲတွေအပေါ် အီးယူ တုန့်ပြန်ချက် မူကြမ်း ပေါက်ကြား

အောက်တိုဘာ ၁၀ ။           ။ ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ ရှင်းလင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ အီးယူတာဝန်ရှိသူတွေ ဘရက်ဆဲလ်မြို့မှာ ဆွေးနွေးဖို့ရှိနေပြီး  ပိတ်ဆို့မှုဆန်ရှင်တွေ တိုးမြှင့်နိုင်မယ့် ပထမအဆင့်တစ်ခု အနေနဲ့ ပဋိညာဉ်စာချုပ်တွေကို ပြန်လည်ဆုတ်ဆိုင်းထားဖို့ ရှိတယ်လို့ ရိုက်တာ သတင်းအေဂျင်စီက မြင်တွေ့ခဲ့ရတဲ့ အစည်းအဝေးမူကြမ်းစာရွက်တစ်ခုကို ကိုးကားဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဘက်အဖွဲ့က အကြမ်းဘက်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် တပ်မတော်ရဲ့ ရှင်းလင်းဆောင်ရွက်မှုတွေကြောင့် ဘင်္ဂါလီ (ရိုဟင်ဂျာ ) သန်းဝက်ကျော် နိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မှာ  အဖွဲ့ဝင် ၂၈ နိုင်ငံ ကအီးယူ သံတမန်တွေ ထပ်မံဆွေးနွေးသွားဖို့ရှိပြီး ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ အစည်းအဝေး မူကြမ်းစာရွက်အရ ဆိုရင် အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မူတည်ပြီး နောက်ထပ်လုပ်ဆောင်ချက်တွေ တုန့်ပြန်လုပ်ဆောင်သွားဖို့ စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အပြုသဘောဆောင် တိုးတက်မှုတွေ ရှိလာရင် ရှိလာသလိုလဲတုန့်ပြန်သွားမယ်လို့ သိရပါတယ်။

ရိုက်တာရဲ့ အထောက်အထားတွေအရ လက်နက်နဲ့ တပ်ဆင်ပစ္စည်းတွေအပေါ် အီးယူရဲ့ ကန့်သတ်ပိတ်ပင်ချက်ကိုတော့ ဆက်လက်အားပေးထောက်ခံထားတယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ အဆိုအရ အမေရိကန်နဲ့ အီးယူတို့အနေနဲ့ မြန်မာ့စစ်ဘက်ခေါင်းဆောင်တွေအပေါ် ဆန်ရှင်ချမှတ်ဖို့ စဉ်းစားထားကြောင်းလည်း သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာလည်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အီးယူရဲ့ ပူးတွဲထုတ်ပြန်ချက်မူကြမ်းတစ်ခုမှာ  အီးယူအုပ်စုအနေနဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြားစစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေကို ဖိတ်ကြားရေးအစီအစဉ်တွေကိုပါ ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ ရိုက်တာက ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly