ရန်ကုန်မြို့အားဒေသတွင်း ကုန်သွယ်မှု ဗဟိုချက်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့အားဒေသတွင်း ကုန်သွယ်မှု ဗဟိုချက်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၁၀ ။          ။ ရန်ကုန်မြို့အား အာဆီယံ ဒေသတွင်းကုန်သွယ်မှု ဗဟိုချက်တစ်ခု ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်သည့် Oxford Business Group (OBG) တို့ စက်တင်ဘာလ ပထမ အပတ်အတွင်း   တွေ့ဆုံခဲ့သည့် “ ရန်ကုန်မြို့ကို ဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေးဗဟိုချက်တစ်ခုအဖြစ် ဖွံဖြိုးတိုးတတ်ရေးရေရှည်အစီစဉ်များ ”ဆွေးနွေး ပွဲ တွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ လုပ်ငန်းစုမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့၏ တိုးတတ်လာသည့် လူဦးရေ၊ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးနှင့် ကုန်သွယ်ရေးမြို့တော်အဖြစ် အစဉ်အဆက် တည်ရှိလာခဲ့ခြင်းနှင့် တည်နေရာအရ ကုန်းတွင်းပိတ်တည်ရှိသော အိမ်နီးချင်းနိုင်ငံများအတွက် နိုင်ငံတကာဈေးကွက်များနှင့် ဆက်သွယ်နိုင်မည့် ပင်မဝင်ပေါက်ဖြစ်ခြင်းစသည့် အားသာချက်များအား အသုံးချ၍ ရန်ကုန်မြို့အား ဖွံ့ဖြိုးတိုးတတ်လာစေရန် တည်ဆောက်သွားမည်ဟု မျှော်မှန်းထားကြောင်း ဦးဖြိုးမင်းသိန်းက OBG ကိုယ်စားလှယ်များအားပြောကြားခဲ့သည်။

သို့သော် အစိုးရ၏ မျှော်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်မြို့နှင့် အခြားသော မြန်မာနိုင်ငံ၏ ဒေသများအကြား အဓိကကျသည့် လမ်းပမ်းဆက်သွယ်ရေး တိုးတတ်ကောင်းမွန်လာစေရန် လိုအပ်သည်ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။

“ တပြိုင်နက်တည်းမှာပဲ အခြေအနေတွေကို ဖော်ဆောင်နိုင်ဖို့ ကုန်းတွင်းဆိပ်ကမ်း (dry port) နဲ့ကုန်သိုလှောင်နိုင်တဲ့ ပမာဏတွေ တိုးချဲ့ဖို့လို အပ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့အားဒေသတွင်း စီးပွားရေးလုပ်ဆောင်မှုများနှင့် သင့်လျော်ညီသော အချက်အခြာ မြို့တစ်မြို့အဖြစ် ဖွံဖြိုးလားစေရန် ပြုလုပ်သွားမည့်ဟု အစိုးရ မှမျှော်မှန်းထားကြောင်းလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံသို့တင်သွင်းလာသည့် ပစ္စည်းများ၏ ၉၀ ရာခိုင်နူန်းမှာ ရန်ကုန်ဆိပ်ကမ်းမှ ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် ရေကြောင်း ကုန်သွယ်မှုသည်အရေးပါသည့် အခန်းဏ္ဍတွင် ရှိနေကြာင်းလည်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် OBG အဖွဲ့တို့သည် မြို့ပြအဆောက်အအုံကိစ္စ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Oxford Business Group (OBG) သည် ဘဏ်လုပ်ငန်း၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်ကဏ္ဍ အစရှိသည့် ကဏ္ဍများ ဖွံဖြိုးတိုးတတ်ရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ကာ အစီရင်ခံစာများ ထုတ်ပြန်ခြင်းနှင့် အတိုင်ပင်ခံလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required