မကွေးတိုင်းအတွင်း အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပမည်

မကွေးတိုင်းအတွင်း အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပမည်
သတင်းဓါတ်ပုံ အောင်ကျော်ကျော်

မကွေး၊အောက်တိုဘာ ၁၀ ။            ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်တွင် တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ယခုလ အတွင်း အင်္ဂါနေ့တိုင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ၂၅မြို့နယ်ရှိ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်များ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်များရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ၊ အရပ်ဖက်လူအဖွဲ့အစည်များ၊ နိင်ငံရေးပါတီဝင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ အားလုံး သဘောတူရာ နေရာများတွင် ရခိုင်အရေးပြသနာ အပါအဝင် နိင်ငံတော်၏ ငြိမ်းချမ်းရေးပန်းတိုင် အရောက်သွားရန်အတွက် ဘာသာပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး ဆုတောင်းပွဲများအား ယခုလအတွင်း (၄)ကြိမ်တိတိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။

“ဆုတောင်းနေရုံနဲ့တော့ ပြည့်စုံသွားမှာတော့ မဟုတ်ပါဘူး၊ ဒီငြိမ်းချမ်းရေးက ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်တိုင် လုံးလထုတ်ပြီးတော့မှ တကယ့်ငြိမ်းချမ်းတဲ့၊ တကယ့်ငြိမ်းချမ်းရေးကို လိုချင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့နှလုံးသားကနေတဆင့် ငြိမ်းချမ်းတဲ့ စကားတွေပြောဖို့၊ငြိမ်းချမ်းတဲ့ အပြုအမှုတွေ ပြုမှုဖို့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှာကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ် ”ဟု ဦးနေမျိုးကျော်ကပြောသည်။

မည်သည့် ဘာသာမဆို ယုံကြည်ချက်အရ ဆုတောင်းသည်မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်မာအောင် တည်ဆောက်ခြင်း၊ ကိုယ့် ယုံကြည်မှုကို ထုတ်ဖော်ပြသခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်း ရေးဆုတောင်းပွဲများသည် အကျိုးသက်ရောက်မှုရှိကြောင်း၊ လူများအတွက် ချစ်ခင်ရင်းနီးမှုများ ပိုရသည်ဟု ယုံကြည်၍ ငြိမ်းချမ်းရေး ဆုတောင်းပွဲများကို အားလုံးပူပေါင်း ပါဝင်ကြပါရန် လေးလေးနက်နက် တိုက်တွန်းကြောင်း ဦးနေမျိုးကျော်ကပြောသည်။

“ဒီနေ့ ညပိုင်းမင်းဘူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ပါ့မယ်၊ ဒီနေရာကို ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်နဲ့ ရွေးချယ်ခြင်းဖြစ်ပါတယ်၊ မင်းဘူး/စကုမြို့နယ်ရှိ မည်သူမဆို ပူပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်၊ ဒီလအတွင်း အင်္ဂါနေ့တိုင်း ကျင်းပပြုလုပ်သွားမှာပါ ”ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်ကပြောသည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ရက်နေ့ညက အစ္စလာမ်ဘာသာဝင် တစ်ချို့နေအိမ်နှင့် ဆိုင်ခန်းအချို့ ဖျက်စီးခံရပြီးနောက် ယခုရက်ပိုင်း တည်ငြိမ်အေးချမ်းလာလျက် ရှိသည်။ ယင်းဖြစ်စဉ်ကြောင့် အောက်တိုဘာ၁ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဖျက်စီးခံရသူများအား ကျပ်သိန်း(၈၀) ထောက်ပံပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly