RCSS တပ်သား ၂ ဦး အမှု ပထမဆုံးရုံးချိန်းတွင် တပ်မတော်ဘက်မှ တရားလို မရောက်လာ၍ ထပ်မံ ရုံးချိန်း

RCSS တပ်သား ၂ ဦး အမှု ပထမဆုံးရုံးချိန်းတွင် တပ်မတော်ဘက်မှ တရားလို မရောက်လာ၍ ထပ်မံ ရုံးချိန်း

ချင်းမိုင်၊အောက်တိုဘာလ ၉ ။            ။ နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ တပ်သား နှစ်ဦးအမှုကို  အောက်တိုဘာလ ၉ ရက်နေ့ က စတင်စစ်ဆေးခဲ့ရာ တပ်မတော်ဘက်မှ မရောက်လာသဖြင့် ရုံးချိန်း ထပ်မံ ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ RCSS တပ်သား ၂ ဦး ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ဒေသတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အသက် ၃၀ ကျော်အရွယ် RCSS/SSA တပ်သား ၂ ဦးကို လက်နက်အမှု၊ စကားပြောစက်ဆက်သွယ်မှု၊ အခွန်ကောက်မှု တို့ဖြင့် တရားစွဲတင်ထားပြီး ယမန်နေ့က ကျိုင်းတုံတရားရုံးတွင် အမှု စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ သူတို့အမှု အထောက်အထား မပြည့်စုံသေးတဲ့အတွက် ရုံးချိန်းတယ်။ တရားလိုဘက်က မလာဘူး။ လက်နက်မှုနဲ့ကျန်တဲ့ဟာတွေက ဘာမှ အထောက်အထားမရှိဘူး။ ရက်ချိန်းပြန်ပေးတယ်”ဟု ကျိုင်းတုံမြို့ အခြေစိုက် RCSS/SSA မှ ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုးမိန်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော RCSS/SSA စစ်ကြောင်းမှ တပ်သား ၂ ဦးဖြစ်သည့် စိုင်းဆေလုံနှင့် စိုင်းလုံတို့ကို  မိုင်းပူးလုံအုပ်စု ကိန်းဟင်ကျေးရွာ မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ တပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် ကျိုင်းတုံအကျဉ်းထောင်သို့ လွဲပြောင်းပေးခဲ့ရာမှ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးစဉ်က သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်နှင့် ငွေတချို့ကို တပ်မတော်ဘက်မှ သိမ်းဆည်းခဲ့သည်ဟု သိရသည်။  ၎င်းတို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အပစ်ခတ် ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုတင်ပြထားသည်ဟု ဒုဗိုလ်မှူးကြီး စိုးမိန်းက ပြောသည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags