ကက်ရှ်မီးယားတွင် ကျစ်ဆံမြီးနှင့် မုတ်ဆိတ်ကျင်စွယ်တို့ ပဟေဠိဆန်စွာ အဖြတ်ခံရခြင်းများ ဖြစ်နေ၍ ဆူပူမှုများ ဖြစ်ပွား

ကက်ရှ်မီးယားတွင် ကျစ်ဆံမြီးနှင့် မုတ်ဆိတ်ကျင်စွယ်တို့ ပဟေဠိဆန်စွာ အဖြတ်ခံရခြင်းများ ဖြစ်နေ၍ ဆူပူမှုများ ဖြစ်ပွား

 

ကက်ရှ်မီးယား၊ အောက်တိုဘာ ၁၀ ။                        ။ အိန္ဒိယထိန်းချုပ်သော ကက်ရှ်မီးယား ဒေသအပိုင်းတွင် ကျစ်ဆံမြီးများ၊ ဆံပင်ရှည်များနှင့် မုတ်ဆိတ်ကျင်စွယ်များ ပဟေဠိဆန်စွာ   ဖြတ်တောက်ခံရမှုများ  ဖြစ်ပွားရာ အိန္ဒိယအာဏာပိုင်များက ပိုမိုတင်းကြပ်မှုများ ဆောင်ရွက်လာခဲ့ရပြီး ခွဲထွက်ရေးသမားများက သပိတ်မှောက်ရန် လှုံ့ဆော်သွေးထိုးလျက်ရှိနေသည်။

ယင်းသို့ ဆံပင်များ အဖြတ်ခံရသည့် ဖြစ်ရပ်များသည် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ယင်းဖြစ်စဉ်ဖြစ်ရပ်ပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားထားသဖြင့် ဆူဆူပူပူ ဖြစ်လျက်ရှိနေသည်။

အမျိုးသမီးများ ဆံပင်ရှည်များ ထူးထူးဆန်းဆန်း အဖြတ်ခံရမှုများတွင် တစ်ချို့ဖြစ်ရပ်များအတွင်း အမျိုးသားများပါ မုတ်ဆိတ်များ ဖြတ်တောက်ခံရခြင်းများ ဖြစ်သည်။ ယင်းဖြစ်ရပ်များကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ရုံမကဘဲ အချို့နေရာများတွင် ကိုယ်တိုင် တရားစီရင်ခြင်းဟု ဆိုပြီး လက်သည်တရားခံဖြစ်သည် ယူဆကာ တိုက်ခိုက်ခြင်းများ ရှိလာသဖြင့် အပြစ်မဲ့သူများပါ တိုက်ခိုက်ခံနေရသည်။

ယခုအထိ ဆံပင်ကျစ်စာမြီးများ ကိုယ်တိုင်မသိဘဲ အဖြတ်ခံရမှုပေါင်း ၄၉ မှုရှိကြောင်း၊ ဆံပင်များ ဖြတ်တောက်ရန် ကြိုးစားပြီး မအောင်မမြင်ဖြစ်သွားသည့် အမှုပေါင်းက ၃၀ ရှိကြောင်း သီရိနာဂါရဲဌာနက ပြောသည်။

ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်၏ နွေရာသီမြို့တော်ဖြစ်သော သီရိနာဂါက ရဲစခန်း ခုနစ်ခုတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကို တင်းကြပ်ထားပြီဖြစ်ကြောင်း အကြီးတန်းရဲတစ်ဦးက EFE သတင်းဌာနသို့ ပြောသည်။

တင်းကြပ်မှုများတွင် အင်တာနက် ဖြတ်တောက်မှုများ၊ လူစုရုံးမှု ခွင့်မပြုခြင်းများနှင့် နေရာတစ်ချို့ကို ဝင်ခွင့်မပေးခြင်းများ ပါဝင်သည်။

ထိုသို့ အာဏာပိုင်များဖက်က တင်းကြပ်မှုများ လုပ်လာခြင်းအပေါ် ခွဲထွက်ရေးသမားက အထွေထွေ သပိတ်မှောက်ရန် လှုံ့ဆော်လာသည်။ ၎င်းခွဲထွက်ရေးသမားများက ကက်ရှ်မီးယားတို့၏ သိက္ခာကို ချို့ဖဲ့ရန် ဆံပင်နှင့် မုတ်ဆိတ်များ ဖြတ်တောက်ခံရသည့် ဖြစ်ရပ်များတွင် အစိုးရက နောက်ကွယ်က ရှိနေသည်ဟု ယူဆထားသည်။

“ကက်ရှ်မီးယား ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ပစ်တဲ့ လုပ်ရပ်ပါ။” ဟု ၂၀၁၀ ခုနှစ်ကတည်းက အကျယ်ချုပ် အချခံထားရသည့် ခွဲထွက်ရေးခေါင်းဆောင် ဆိုင်ယက်အလီဂီလာနီက EFE သို့ တယ်လီဖုန်းကတစ်ဆင့် ပြောသည်။

သို့သော်လည်း ဆံပင်ကျစ်စာမြီးတို့ လူမသိဘဲ အဖြတ်ခံရမှုများအပေါ် အာဏာပိုင်များဖက်ကလည်း စိုးရိမ်မှုများ မြင့်တက်နေသည်။ ထိုဖြစ်ရပ်မူခင်းအပေါ် စုံစမ်းစစ်ဆေးမှုအား အရှိန်မြှင့် ဆောင်ရွက်ရန် ဂျမ်မူးနှင့် ကက်ရှ်မီးယား ပြည်နယ်ဝန်ကြီးချုပ် မူဖတီက ရဲဌာနကို တိုက်တွန်းထားသည်။

“ဒီလို ဆံပင်တွေ အဖြတ်ခံရတဲ့ ဖြစ်ရပ်မှာ မျက်မြင်တစ်ချို့ ရှိထားပေမယ့် ရဲနဲ့ မပူးပေါင်းတာကြောင့် ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးဖို့ဟာ မတတ်နိုင် ဖြစ်နေရတယ်။”ဟု ကက်ရှ်မီးယား ရဲထောက်လှမ်းရေးမှူးချုပ် မူနားခန်းက သတင်းဌာနသို့ ပြောသည်။

ရဲဌာနနှင့် ပူးပေါင်းရမည့်အစား ကိုယ်တိုင် အပြစ်ပေးတရားစီရင်မှုများ လုပ်ဆောင်လာခြင်းကြောင့် ကိုယ်ထိလက်ရောက် တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားလာကြောင်းလည်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၉ ရက် ညက ကမ္ဘာလှည့် ခရီးသွား ခြောက်ဦးမှာ ဆံပင်များ ဖြတ်တောက်သူများအဖြစ် အထင်ခံရပြီး တားဆီးရန်လုပ်ခံရမည်ကို အာဏာပိုင်များက ကယ်တင်ခဲ့ရသည်။

အောက်တိုဘာ ၇ ရက်ကလည်း အန်နန်တနက်ချ်ခရိုင်တွင် အသက် ၇၀ အရွယ် အသက်ကြီးပိုင်းတစ်ဦးကို ဆံပင်များ ဖြတ်တောက်သူဟု စွပ်စွဲလျက် လူအုပ်က ကျောက်ခဲများဖြင့် ထုသတ်ခဲ့ကြောင်း ရဲဌာနက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required