ကယ်လီဖိုးနီးယားတောမီးကြောင့် လူ၁၀ဦးသေဆုံးပြီး ၂သောင်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ကယ်လီဖိုးနီးယားတောမီးကြောင့် လူ၁၀ဦးသေဆုံးပြီး ၂သောင်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

 

ဆန်ဖရန်စ္စကို၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၁၀ ။       ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ကောင်တီရှစ်ခု၌ တနင်္လာနေ့က တောမီးလောင် ကျွမ်းမှုကြောင့် လူပေါင်း ၂သောင်းကျော်ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား သစ်တောနှင့်တောမီးကာကွယ်ရေးဌာနက သေဆုံးသူများထဲမှ ၂ဦးမှာ နာပါကောင်တီမှ ဖြစ်ပြီး ကျန် ၈ဦးမှာ မန်ဒိုစီနိုကောင်တီမှဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အင်အားပြင်းစွာလောင်ကျွမ်းနေသော တောမီးကြောင့် အဆောက်အဦးပေါင်း ၁၅၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး လူပေါင်း ၂သောင်းကျော်ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကာ လက်ရှိအချိန်တွင် လူပေါင်း ၁၀၃၀၀၀ ခန့်သည် လျှပ်စစ်နှင့်စွမ်းအင် ပြတ်တောက်မှုကို ကြုံတွေ့နေရကြောင်း အာဏာပိုင်များက ပြောခဲ့ သည်။

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက တောမီးလောင်ကျွမ်းခံနေရသော ကောင်တီများ ၌ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အခုလောင်ကျွမ်းနေတဲ့တောမီးဟာ အလွန်ပြင်းထန်ပြီး စိုးရိမ်ရပါတယ်။ စိုစွတ်မှုမရှိတဲ့လေထုနဲ့ တိုက်ခတ်နေ တဲ့ လေတို့ကြောင့် အပူချိန်ဟာမြင့်တက်လာခဲ့ပြီး အန္တရာယ်ရှိတဲ့ အခြေအနေကို   ဖြစ်ပေါ်လာစေပါတယ်။ အခုဆို ရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်လာပါပြီ” ဟု ဂျယ်ရီဘရောင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဆက်လက်ပြီး “ အခုချိန်အထိ တောမီးကို မထိန်းချုပ်နိုင်သေးပါဘူး။ ဒါပေမယ့်ကျနော်တို့သိသမျှ အကောင်းဆုံး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကြိုးစားနေပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ပြင်းထန်စွာလောင်ကျွမ်းနေသော တောမီးကြောင့် နယ်မြေများရှိ ကျောင်းများကိုလည်း ပိတ်ထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly