ရေဆိုးသန့်စင်စနစ် တပ်ဆင်မထားသည့် စက်ရုံများ ပိတ်သိမ်းရလျှင် အားလုံးနီးပါးပိတ်ရမည်ဟုဆို

ရေဆိုးသန့်စင်စနစ် တပ်ဆင်မထားသည့် စက်ရုံများ ပိတ်သိမ်းရလျှင် အားလုံးနီးပါးပိတ်ရမည်ဟုဆို

ရန်ကုန်၊အောက်တိုဘာ၉ ။           ။ ရေဆိုးစနစ်တပ်ဆင်ထားခြင်းမရှိသည့် စက်ရုံများ၊ လုပ်ငန်းများ ပိတ်သိမ်းရပ်ဆိုင်းလိုက်ပါက အားလုံးနီးပါးပိတ်သိမ်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ဒုဥက္ကဌ ဦးစိန်သောင်းဦးက မဇ္ဈိမကိုပြောသည်။

စက်ရုံနှင့်လုပ်ငန်းများထဲတွင် အရက်ချက်စက်ရုံသည် ရေဆိုးထုတ်လုပ်မှုအများဆုံးဖြစ်နေပြီး ပတ်ဝန်းကျင်အားအများဆုံး ထိခိုက်နိုင်သည့် စက်ရုံဖြစ်နေသည်။

မြန်မာတစ်နိုင်ငံလုံး၌ နိုင်ငံတော်အစိုးရမှ တရားဝင်လုပ်ကိုင်ခွင့်ပြုထားသည့် အရက်ချက်စက်ရုံမှာ (၃၁)ရုံရှိနေသည်။

သို့သော် စက်ရုံ(၃၁)ခုလုံး လည်ပတ်နေခြင်းမျိုးမဟုတ်ဘဲ စက်ရုံ(၁၀)ခုသာ လည်ပတ်နေသည်။

အရက်ချက်စက်ရုံမှ ရေဆိုးထုတ်လုပ်မှုများခြင်းသည် အရက်ချက်စက်ရုံ အရေအတွက်နှင့် သက်ဆိုင်ခြင်းမရှိဘဲ အရက်ချက်စက်ရုံဖြစ်နေသည့်အတွက် ရေဆိုးထုတ်လုပ်မှု များပြားနေခြင်းဖြစ်သည်။

"တကယ်တန်းပိတ်ရမယ်ဆိုရင် (၉၄)ရာခိုင်နူန်းကပိတ်ရမှာ ရေဆိုးစနစ်မရှိဘူးလေ ။ အခုဟာ(အရက်ချက်စက်ရုံ)က အရမ်းများနေလို့သာ ပိတ်ရမလိုဖြစ်နေတာ ။ ဘယ်စက်ရုံမှ ရေဆိုးစွန့်ပစ်စနစ်မရှိဘူးဆိုတော့ အားလုံးလိုလိုပိတ်ရမှာ"ဟု မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဒုဥက္ကဌ ဦးစိန်သောင်းဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ရေဆိုးစွန့်ပစ်စနစ်မတပ်ဆင်ထားသည့် လုပ်ငန်းများ၊ စက်ရုံများသို့ လုပ်ငန်းပိတ်သိမ်းရန်နှင့် အရေးယူသည့်ဒဏ်ကြေး စသည်တို့ကို အစိုးရအဖွဲ့မှ စာများထုတ်ထားကြောင်း ဦးစိန်သောင်းဦးက ပြောပြသည်။

အရက်ချက်စက်ရုံများသည် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးတည်ရှိနေသည်။

"အရမ်းကြီးတစ်ဖက်စွန်းရောက်အောင်လုပ်ပြီး ရှိသမျှလုပ်ငန်းတွေရပ်သွားမယ်ဆိုရင် ရေရှည်ကျရင် တိုင်းပြည်အတွက် မကောင်းဘူး။ ဒီလိုတွေကို ဒီတိုင်းကြီးလွှတ်ထားတယ် ခင်ဗျားတို့ကြိုက်ရာ လုပ် ရှိသမျှ သဘာဝပတ်ဝန်းကျင်တွေ အကုန်ပျက်စီး အဲဒါလည်းရေရှည်ထိခိုက်မှာပဲ။ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို စနစ်တကျတည်ဆောက်ရင်းနဲ့ ဒီဘက်မှာလည်း တိုင်းပြည်ရဲ့ သဘာဝသယံဇာတပစ္စည်းတွေကိုလည်း မပျက်အောင် ကျွန်တော်တို့က ထိမ်းသိမ်းရမယ်"ဟု ကုန်သည်စက်မှုအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်မှ အရက်ချက်စက်ရုံ(၆)ခုကို ရေဆိုးသန့်စနစ် တပ်ဆင်စွန့်ပစ်ဖို့ ၂၀၁၅ခုနှစ်၌ ပညာပေးခဲ့သည်။

ထိုအရက်ချက်စက်ရုံများအတွက် ဘုံအသုံးပြုနိုင်သည့် ရေဆိုးစွန့်ပစ်စနစ်တပ်ဆင်ရန် မြေ(၆)ဧကကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တောင်းခံခဲ့ရာ ထိုမြေများတွင် မဖယ်ရှားပေးသည့် ကျုးကျော်များရှိနေသဖြင့် ရေဆိုးသန့်စင်သည့် စက်တပ်ဆင်ရန် အစီစဉ်အား ရပ်တန့်ခဲ့ရသည်ဟု ဦးစိန်သောင်းဦးက ဆိုသည်။

ထိုကဲ့သို့ ရေဆိုးသန့်စင်သည့် စနစ်အား လုပ်ငန်းများတွင်တပ်ဆင်စွန့်ပစ်ခြင်းမပြုပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူနိုင်သောဥပဒေရှိနေသည်။

" အရက်ချက်စက်ရုံရဲ့သဘာဝအရ ရေဆိုးစွန့်ပစ်တာများတယ် ပမာဏများတဲ့အပြင် ရေဆိုးရဲ့အရေအသွေးကလည်း ညံ့တယ် အားနည်းတာပေါ့ ။ အဲဒါကြောင့်မို့ ပတ်ဝန်းကျင်ကို ထိခိုက်တဲ့နေရာမှ သူက အများဆုံး ထိခိုက်တာမို့လို့ စပြီးတော့အရေးယူဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဒုဥက္ကဌ ဦးစိန်သောင်းဦးက ဆိုသည်။

လုပ်ငန်းများအားလုံးသည် ရေဆိုးစွန့်ပစ်ကြသည်များဖြစ်၍ အရက်ချက်စက်ရုံတစ်တည်းတင်မကဘဲ လုပ်ငန်းအားလုံးအား တပြေးညီ ရေဆိုးသန့်စင်စနစ်တပ်ဆင်ကျင့်သုံးနိုင်ရန်နှင့် စီမံခန့်ခွဲရန်အတွက် ဆွေးနွေးပွဲတရပ် ကျင်းပရန်လည်းရှိနေသည်။

အဆိုပါဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်းကာ ကုန်သည်စက်မှုအသင်းချုပ်၌ အောက်တိုဘာလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပသွားရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly