ဖိလစ်ပိုင်သမ္မတ ဒူတာတေးအပေါ် လူကြိုက်များမှုနှုန်း ကျဆင်းလာ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးအပေါ် လူကြိုက်များမှုနှုန်း ကျဆင်းလာ

 

အောက်တိုဘာ ၉ ။                   ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးအပေါ် ပြည်သူတွေရဲ့ ကျေနပ်အားရမှုနှုန်းဟာ ၎င်းရဲ့ တာဝန်ထမ်းဆောင်စဉ် သက်တမ်းကာလတစ်လျှောက် အနိမ့်ဆုံးကို ကျဆင်းလာခဲ့တယ်ဆိုပြီး စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဒူတာတေးအနေနဲ့ ၎င်းလက်ထက်မှာ လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲအတွင်း လူအမြောက်အမြား သတ်ဖြတ်နေမှုတွေ၊ ၎င်းရဲ့ ကြွယ်ဝပိုင်ဆိုင်မှုပိုင်းနဲ့ပတ်သက်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ တစ်စုံတစ်ရာ ဖြေရှင်းမှုမပြုလုပ်ထားမှုတို့ကြောင့် ယခုလို လူထုကျေနပ်အားရမှုနှုန်း ကျဆင်းလာနေခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်အခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Social Wealth Stations က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ နိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းတစ်ရပ်အရဆိုရင် သမ္မတ ဒူတာတေးအပေါ် လူထုကျေနပ်အားရမှုနှုန်းဟာ ၁၈ မှတ်ကျဆင်းပြီး ၄၈ အထိ ရောက်ရှိသွားတယ်လို့ သိရပါတယ်။

 ယင်းဟာ ကောင်းမွန်နေဆဲဆိုတဲ့ လယ်ဗယ်မှာ ရှိနေသေးတယ်ဆိုပေမယ့် ယမန်နှစ် ဇွန်လက ၎င်းရရှိထားတဲ့ အရမ်းကောင်းမွန်တဲ့ လယ်ဗယ်အောက်တော့ သိသိသာသာ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေနဲ့ နိုင်ငံမှာ လူကြိုက်များမှုနှုန်း ဆက်ရှိနေသေးတယ်ဆိုပေမယ့်လည်း ယခု စစ်တမ်းအရတော့ ၎င်းလက်ထက် မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်း ဆင်းရဲနွမ်းပါးတဲ့ သံသယတရားခံအများစု သတ်ဖြတ်ခံနေရမှုများကို ချက်ချင်းရပ်ဆိုင်းရေး လူ့အခွင့်အရေးအုပ်စုတွေရဲ့ တောင်းဆိုမှုတွေကို ပိုမိုအားကောင်းစေသွားနိုင်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required