ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာ

ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာ
ပုဂံမြို့ဟောင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။  ယခုနှစ် ၈လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂ဒဿမ ၂၇သန်း ရှိခဲ့ပြီး ထိုပမာဏသည် ယခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ် ၂၀၁၆ခုနှစ်က မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ၂ဒဿမ၉သန်း ဝင်ရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ခရီးသွားဧည့်သည် ၃ဒဿမ ၅သန်းအထိ လာရောက်မယ်လို့ ခန့်မှန်ထားပါတယ်” ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။

နေပြည်တော်ရှိ MICC-2တွင် အောက်တိုဘာ ၉ရက်က ကျင်းပပြုလုပ်သည့် “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့” အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်အမှာစကားပြောကြားစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံအပေါ် အကျိုးသက်ရောက်မှုရှိသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟုလည်း ဒုသမ္မတက ပြောသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းသည် လူသားအချင်းချင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည့်အတွက် မိမိတို့နိုင်ငံကို ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရန် ဧည့်သည်များ၏ စိတ်ကျေနပ်မှုရရှိအောင် အလေးဂရုပြုကြရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း “အရေးကြီးတဲ့ အချက်ကတော့ ခရီးစဉ်ဒေသတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့နဲ့ ခရီးသွားဧည့်သည်တွေကလည်း တာဝန်သိစိတ်နဲ့ ခရီးသွားကြဖို့ အရေးကြီးပါတယ်” ဟု ဦးဟင်နရီဗန်ထီးယူက အခမ်းအနားတွင် ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြနချက်အရ ၂၀၁၆ခုနှစ် တစ်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံးတွင် နိုင်ငံတစ်ကာခရီးသွားလာသူ အရေအတွက်သည် ၁ဒဿမ ၂ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၃၀ခုနှစ်တွင် ၁ဒဿမ ၈ ဘီလီယံအထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်ထားသည်။

ထိုသို့ တိုးတက်လာသည့် အရေအတွက်၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း တိုးတက်လာမည်ဟု အစိုးရက မျှော်လင့်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly