ARSA ထပ်မံတိုက်ခိုက်နိုင်တဲ့အပေါ် သတိရှိရှိ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ပြော

ARSA ထပ်မံတိုက်ခိုက်နိုင်တဲ့အပေါ် သတိရှိရှိ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ပြော
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)လို့ နာမည်ခံယူထားတဲ့ အာဆာအဖွဲ့နဲ့ စေ့စပ်၊ ညှိနှိုင်းဖို့ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုလိုက်ပါတယ်။

ARSA အဖွဲ့က မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုကြောင်း အောက်တိုဘာ ၇ရက်က ကြေငြာချက် ထုတ်ပြန်ထားတဲ့အပေါ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ဒီကနေ့ အောက်တိုဘာ ၉ရက်နေ့မှာ တုံ့ပြန်ပြောကြားလိုက်တာပါ။

“သူတို့ အပစ်အခတ်ရပ်စဲတာတို့၊ မရပ်စဲတာတို့ကို ကျွန်တော်တို့ဘက်က အသိအမှတ်ပြုထားတာ မရှိပါဘူး။ သူက အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် ဘယ်အစိုးရကမှလည်း အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်တာ၊ ညှိနှိုင်းတာ မရှိပါဘူး။ ကျွန်တော်တို့ကလည်း သူ့ကို အသိအမှတ်မပြုပါဘူး” လို့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၉ရက်၊ ညသန်းခေါင်အချိန်ဆိုရင် သူတို့ဘက်က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေငြာထားတာ အချိန်စေ့ပြီလို့လည်း ARSAရဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက “ကျွန်တော်တို့ဘက်ကတော့ သတိရှိရှိနဲ့ လိုအပ်တာ ပြင်ဆင်ထားတာပေါ့။ သူတို့ အကယ်၍ တိုက်ကွက်ဖော်လာရင်လည်း ကျွန်တော်တို့ဘက်က ဥပဒေနဲ့အညီ တုံ့ပြန်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပေါ့” လို့ သူက ပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေ ထပ်ဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့် ထိခိုက်မှုတွေမဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသက ရဲကင်းနဲ့ တပ်စခန်း စုစုပေါင်း ၃၁နဲ့ အရပ်သားတစ်ချို့ကို စတင်တိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ် သတ်မှတ်ကြောင်း အစိုးရက ကြေငြာထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြရတဲ့ ဒုက္ခသည်ဦးရေ သိန်းနဲ့ချီရှိတယ်လို့ ကုလသမဂ္ဂဘက်က ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆွေးနွေးနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဟာလည်း ဒီလထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly