အောင်လအန်ဆိုင်းနှင့် အာလိန်းဂလားနီးတို့၏ ONE Championship ပြိုင်ပွဲတွင် အခြား ပွဲစဉ် ၉ ခု ပါဝင်မည်

အောင်လအန်ဆိုင်းနှင့် အာလိန်းဂလားနီးတို့၏ ONE Championship ပြိုင်ပွဲတွင် အခြား ပွဲစဉ် ၉ ခု ပါဝင်မည်

ရန်ကုန်၊ အောက်တိုဘာ ၉ ။            ။ ခေတ်သစ်၏  “သမိန်ဗရမ်းနဲ့ ဂါမဏိ စီးချင်းထိုးပွဲ” ဟုတင်စားခေါ်ဝေါ်ခံထားရသည့် အောင်လအန်ဆိုင်းနှင့် အာလိန်းဂလားနီးတို့၏ ပွဲစဉ်တွင် အခြား ပွဲစဉ် ၉ ခု ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် ONE Championship™ (ONE) မှ အောက်တိုဘာ ၈ရက်နေ့က ထုတ်ပြန်သည်။

လာမည့် နိုဝင်ဘာလ(၃) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ရုံ၌ ONE: HERO’S DREAM (သူရဲကောင်းတို့၏ အိမ်မက်) ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

အခြား ပွဲစဉ် ၉ ခု မှာ ဖိုးသော် (မြန်မာ) vs စောဘဦး (မြန်မာ)၊ Ma Hao Bin “The Southern Eagle” (တရုတ်) vs Niko Soe (စင်ကာပူ) ၊ သပြေညို (မြန်မာ) vs  Asraful “Warrior” Islam (ဘင်္ဂလားဒေ့ရှ်) ၊ Pongsiri “The Smiling Assassin” Mitsatit (ထိုင်း) vs Jeremy “The Jaguar” Miado (ဖိလစ်ပိုင်) ၊ စောမင်းမင်း (မြန်မာ) vs ရဲသွေးနေ (မြန်မာ) ၊ “Rock Man” Chen Lei (တရုတ်) vs Burn “The Hitman” Soriano (ဖိလစ်ပိုင်) ၊ “Supermom” Miao Jie (တရုတ်) vs Amira “The Wandera” Hafizovic (သြစတေးလျ) ၊ “The Ghost” Zhang Ze Hao (တရုတ်) vs Bala Shetty (အိန္ဒိယ)၊ Nita Dea (အင်ဒိုနီးရှား) vs Jomary Torres (ဖိလစ်ပိုင်) တို့ဖြစ်သည်။

ဤပြိုင်ပွဲ၏ ပင်မပြိုင်ပွဲ (Main Bout) အဖြစ် မြန်မာနိုင်ငံသား ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လ “မြန်မာ့စပါးအုံး” အန်ဆိုင်းနှင့် ကင်မရွန်း လူမျိုး ဟောင်ကောင်အခြေစိုက် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ “ကျားသစ်နက်” Ngalani တို့က အလွတ်တန်း  အထူးပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင် ထိုးသတ် ကြမည်ဖြစ်သည်။

"ကျွန်တော်ကတော့အဲ့ဒီ Alain ဆိုတဲ့ Heavy Weight ကြီးနဲ့ ထိုးရမှာကို တကယ် စိတ်လှုပ်ရှားမိပါတယ်၊ ဒီတော့ဒီဘဲကြီးနဲ့ ဖိုက်ဖို့ ကျွန်တော့်ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်လေ့ကျင့်ကြိုးစားရင်း ကြိုတင်ပြင်ဆင်နေပါတယ်" ဟုအောင်လအန်ဆန်က ဆိုသည်။

အဆိုပါပွဲစဉ်နှင့် ပတ်သက်ပြီး  ” ဂါလာနီဟာလွယ်လွယ်နဲ့ အနိုင်ယူလို့မရတဲ့ ယှဉ်ပြိုင်ဖက်ပါ။ကျွန်တော့ ဘဝအတွက် သမိုင်းဝင်မယ့် ပွဲတစ်ပွဲ ဖြစ်လာမယ် ” ဟုအောင်လအန်ဆန်က ပြောဆိုထားသည်။

အောင်လအန်ဆန်နဲ့ ထိုးသတ်မည့် ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပွဲတွင် ၃ ပွဲနိုင် ၃ ပွဲရှုံးနိမ့် ထားပြီး လျင်မြန်သည့် ခြေကန်ချက်များကြောင့်   နာမည်ကြီး သူတစ်ယောက်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ဂျာကာတာမှာ ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်ဖြင့် ဂါလာနီ က အလဲထိုးခဲ့ပြီး One Championship ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးပွဲသိမ်းနိုင်သည့် စံချိန်တင်ပွဲ တစ်ပွဲဖြစ်ခဲ့သည်။

One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီက  အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့် ဂျူဒို ပညာရပ်များကို ကျွမ်းကျင်သူဖြစ်သည်။  ထို့အပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ် ရရှိထားသူလည်း ဖြစ်သည်။

ONE: HERO’S DREAM လက်မှတ်များ ဝယ်ယူရန်နှင့် ပြိုင်ပွဲ ဆိုင်ရာ အသေးစိတ် အချက်အလက်များကို www.onefc.com သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly