မန္တလေးကျံုးပတ်ပတ်လည် ညပိုင်းအရက်သောက်သူများကို ဖမ်းဆီး

မန္တလေးကျံုးပတ်ပတ်လည် ညပိုင်းအရက်သောက်သူများကို ဖမ်းဆီး
(ဓာတ်ပုံ၊အမှတ် ၂ ရဲစခန်း)

အောက်တိုဘာ ၉ ။              ။ မန္တလေးမြို့၊ ကျုံးပတ်ပတ်လည်ရှိ အများပြည်သူများ စိတ်အပန်းဖြေရာနေများတွင် ညအချိန်အုပ်စုဖွဲ့ အရက်သေစာသောက်စားသူများကို မန္တလေးခရိုင်ရဲတပ်ဖွဲ့ဦးဆောင်မှုဖြင့် အောက်တိုဘာလ ၈ ရက် ညပိုင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးခြင်းကို အောင်မြေသာစံမြို့နယ်၊နယ်မြေရဲစခန်းများဖြစ်သည့် အမှတ် ၁၊၂၊၄၊၅ တို့က စည်ပင်ရဲ၊မီးသတ်၊ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ပူပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"အများပြည်သူ အပန်းဖြေတဲ့နေရာမှာ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့ အရက်ဘီယာ ဝိုင်းဖွဲ့စားသောက်သူတွေ ၊ပြည့်တန်ဆာတွေ၊မမြင်မတော်တဲ့ အတွဲတွေကို အရေးယူခြင်းဖြစ်ပါတယ်"ဟု အမှတ် (၂)နယ်မြေရဲစခန်းမှူးက ပြောသည်။

အောက်တိုဘာလ ၈ ရက် ညက ဖမ်းဆီးရမိခဲ့မှု ၄၅ မှုရှိခဲ့ပြီး ၎င်းတို့ကို နယ်မြေရဲစခန်းအသီးသီးတွင် ရဲအက်-၄၇ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း အမှတ် ၂ နယ်မြေရဲစခန်း၏ ထုတ်ပြန်ချက်အရသိရသည်။

အလားတူဖမ်းဆီးမှုများကို ပူပေါင်းအဖွဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required