ဘင်္ဂလားပင်လယ်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ကာ အိန္ဒိယအနီးဖြတ်

ဘင်္ဂလားပင်လယ်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ကာ အိန္ဒိယအနီးဖြတ်
ဓာတ်ပုံ - မိုး/ဇလ

ရန်ကုန်၊အောက်တိုဘာ၉ ။           ။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ အိန္ဒိယနိုင်ငံအနီးမှဝင်ရောက်ဖြတ်ကျော်ခဲ့သည်ဟု ယနေ့အောက်တိုဘာလ(၉)ရက်နေ့ (၁၀)နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက် ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေသည်ဟု ယနေ့(၆)နာရီခွဲအချိန်တိုင်း တာချက်တွင်ဖော်ပြထားပြီးနောက် (၄)နာရီအကြာကာလအတွင်း၌ မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

မုန်တိုင်းဖြတ်သန်းပြီးသော်လည်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေသည်။

ထို့အပြင် မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်း၏ တောင်ဖက် အတွင်းသို့ရောက်ရှိနေသည့်အတွက် အနောက်တောင်မုတ်သုံလေသည် ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

"အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မုန်တိုင်းအများဆုံးဖြစ်လေ့ရှိသောကာလဖြစ်သည့်အတွက် မုန်တိုင်းမိုးများအနေဖြင့် မြန်မာနိုင်ငံတဝှမ်း၌ နိုဝင်ဘာကုန်အထိ ဆက်လက်ရွာသွန်းနိုင်သေးသည်"ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွက် ဆက်လက်မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရေပြင်လေသည် တစ်နာရီပင်လယ်မိုင် (၁၀)မိုင်မှ (၂၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ထို့အပြင် ရခိုင်ကမ်းရိုးတန်းတစ်လျောက်တွင် လှိုင်းအမြင့် (၃)ပေမှ (၆)ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖော်ပြထားသည်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ယနေ့အောက်တိုဘာလ (၉)ရက်နေ့၌ နေရာကွက်ကြားမိုးရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly