မက်ဆီမှာ အာဂျင်တီးနားအတွက် အရာရာစွမ်းဆောင်မပေးနိုင်ဟု ဥရုဂွေးနည်းပြ တာဘာရက်ဇ်ပြော

မက်ဆီမှာ အာဂျင်တီးနားအတွက် အရာရာစွမ်းဆောင်မပေးနိုင်ဟု ဥရုဂွေးနည်းပြ တာဘာရက်ဇ်ပြော

အောက်တိုဘာ ၉၊ ဥရုဂွေး ။             ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရရှိထားသည့် မက်ဆီမှာ အာဂျင်တီးနားအသင်းအတွက် အရာရာစွမ်းဆောင်ပေး နိုင်လိမ့်မည်မဟုတ်ကြောင်း ဥရုဂွေးနည်းပြ တာဘာရက်ဇ်က ပြောဆိုလိုက်သည်။

ထို့အပြင် ၎င်းက အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်လျှင်လည်း မက်ဆီ၏ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း ဆိုသည်။

“အာဂျင်တီးနားကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ရင်လည်း မက်ဆီရဲ့ကစားသမားဘဝက အစွန်းအထင်း ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒီလိုလည်း မဖြစ်သင့်ပါဘူး။ ဘောလုံးလောကမှာ ကမ္ဘာ့ချန်ပီယံမဖြစ်ခဲ့ကြတဲ့ ထိပ်တန်းကစားသမားတွေ အများကြီးပါ။ ဒီလိုမလုပ်နိုင်ခဲ့လို့ သူတို့ဘဝမှာ အစွန်းအထင်းမဖြစ်ခဲ့ပါဘူး။ အနည်းဆုံးတော့ ကျွန်တော့်အတွက်ပေါ့ဗျာ။

အခုအာဂျင်တီးနားက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ရုန်းကန်နေရပေမယ့် သူတို့သာ ခြေစစ်ပွဲအောင်ခဲ့ရင် ချန်ပီယံဆုကို စိန်ခေါ်မယ့်အသင်းဖြစ်လာမှာပါ။ မက်ဆီက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားပါ။ ဒါပေမဲ့ အရာရာအားလုံးကိုတော့ သူလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဘောလုံးအားကစားဆိုတာက အသင်းလိုက်ကစားရတာပါ” ဟု တာဘာရက်ဇ်က ပြောဆိုခဲ့သည်။

တောင်အမေရိကဇုန်၌ ဘရာဇီးမှာ ခြေစစ်ပွဲအောင်မြင်ထားပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် သုံးနေရာကျန်ရှိနေပြီး Play Off အတွက် တစ်နေရာ ကျန်ရှိနေသေးသည်။ လက်ရှိတွင် ဥရုဂွေးက ၂၈ မှတ်၊ ချီလီနှင့် ကိုလံဘီယာတို့က ၂၆ မှတ်၊ ပီရူးနှင့်အာဂျင်တီးနားတို့က ၂၅ မှတ်စီဖြင့် အကြိတ်အနယ်ဖြစ်နေကြသည်။

နောက်ဆုံးပွဲတွင် အာဂျင်တီးနားက အီကွေဒေါကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘရာဇီးနှင့်ချီလီ၊ ပီရူးနှင့်ကိုလံဘီယာ၊ ဥရုဂွေးနှင့်ဘိုလီးဗီးယားတို့ တွေ့ဆုံနေကြသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required