ပထမဆုံးပရော်ဖက်ရှင်နယ်သွင်းဂိုး ၁၅ နှစ်ပြည့်ခဲ့တဲ့ စီရော်နယ်ဒို

ပထမဆုံးပရော်ဖက်ရှင်နယ်သွင်းဂိုး ၁၅ နှစ်ပြည့်ခဲ့တဲ့ စီရော်နယ်ဒို

အန်ဒိုရာနဲ့ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တိုက်စစ်မှူးစီရော်နယ်ဒိုအတွက် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုး ၁၅ နှစ် ပြည့်မြောက်သွားခဲ့တဲ့နေ့ ဖြစ်ပါတယ်။

အန်ဒိုရာနဲ့ပွဲမှာ ပေါ်တူဂီက ၂-၀ ဂိုးနဲ့နိုင်ခဲ့ပြီး စီရော်နယ်ဒိုကလည်း အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့လို့ သူ့အတွက် အမှတ်တရ ဖြစ်ခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ပထမဆုံးပရော်ဖက်ရှင်နယ်သွင်းဂိုးကို သွင်းယူခဲ့တာပါ။ အဲ့ဒီအချိန်က အသက် ၁၇ နှစ်သာရှိသေးတဲ့ စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းက မိုရီယန်စီအသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်သွင်းဂိုးမှတ်တမ်းကို စတင်ခဲ့ပါတယ်။

အခုအချိန်မှာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးယဲလ်နဲ့ ပေါ်တူဂီအသင်းတို့အတွက် ဂိုးပေါင်း ၆၁၃ ဂိုးအထိသွင်းယူထားပြီး ပေါ်တူဂီအသင်းနဲ့ရီးယဲလ်အသင်းတို့ရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ ယူရိုဖလား ၁ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၄ ကြိမ် ရရှိထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၄ ကြိမ်ရရှိထားပါတယ်။

ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ နောက်ဆုံးပွဲစဉ်မှာ ဆွစ်ဇာလန်ကို မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။ လက်ရှိမှာ ဆွစ်ဇာလန်က ၂၇ မှတ်ရထားပြီး ပေါ်တူဂီက ၂၄ မှတ်ရရှိထားပါတယ်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required