ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

ပျော်ရွှင်မှုဟာ ဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့ အားလုံးယူဆကြပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ဘဝကို ပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာ အလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်း သူတို့ ထိုင်စားပြီး လုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီး ဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာ ပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကို ဘယ်လိုပိုမိုတန်ဖိုးရှိပြီး စိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။

  • အလုပ်တစ်ခုရှာပါ

အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆို အဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါး အလုပ်လေးတွေ လုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာ အိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာ ဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာ လူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

  • စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ

ဒါဟာ ပင်စင်စားလူအများစု လုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာ ကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာ အကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကို ကူညီစောင့်ရှောက်ပေးတာအထိ အမျိုးမျိုးရှိနေပါတယ်။ ဒီလိုလုပ်ခြင်းဟာ စိတ်ချမ်းသာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

  • ကျန်းမာရေးလိုက်စားပါ

ကျန်းမာရေးလိုက်စားတာဟာ ပင်စင်ယူပြီးနောက်ပိုင်းမှာ မိမိကိုယ်ကိုယ် မအားလပ်အောင်လုပ်ဖို့ အရေးကြီးတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ တင်းနစ်ရိုက်ခြင်း၊ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းစသည်ဖြင့် ကျန်းမာရေးအတွက် ကို်ယ်လက်လှုပ်ရှားမှု အမျိုးမျိုးကို တစ်ပတ်တစ်ခါလောက် လုပ်ပေးခြင်းအားဖြင့် သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ တကယ်လို့ လူများများနဲ့ တွေ့ပြီး လူတွေကြား ဝင်ဆံ့ချင်တယ်ဆိုရင် လူအများနဲ့လုပ်ရတဲ့ အားကစားတွေ (သို့) အားကစားကလပ်တွေကို ရွေးချယ်သင့်ပါတယ်။

  • နိုင်ငံခြားကိုခရီးသွားပါ

သင့်မှာ ဆွေမျိုးတွေ ရှိပေမယ့် အရင်ကတော့ လည်ဖို့ အချိန်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်သွားလည်ချင်တဲ့ နေရာတွေ ရှိကောင်းရှိမှာပါ (ဥပမာ ပြင်သစ်က အီဖယ်တာဝါ၊ အီဂျစ်က ပိရမစ်) ဒါ့ကြောင့် ကမ္ဘာပေါ်က ကြီးကြယ်ခမ်းနားမှုတွေကို သွားရောက်ခံစားဖို့အတွက် သင်တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေခရီးတစ်ခုကို စီစဉ်လိုက်ပါ။

  • သင်တန်းတစ်ခုခု (သို့) အတတ်ပညာတစ်ခုခုကိုဆည်းပူးပါ

သင်အမြဲတတ်ချင်ခဲ့တဲ့ အတတ်ပညာတစ်ခုခု (သို့) သင်တိုးတက်ချင်နေတဲ့ သင့်ရဲ့ဝါသနာတစ်ခုခုပေါ်မှာ အာရုံစိုက်လိုက်ပါ။ ဟင်းချက်သင်တန်း၊ ပန်းချီဆွဲသင်တန်း၊ ဓါတ်ပုံသင်တန်းစသည်တို့ဟာလည်း သင့်အချိန်ကိုအကျိုးရှိရှိအသုံးချဖို့ အလွန်သင့်တော်တဲ့ အကြံဉာဏ်တွေပဲ ဖြစ်ပါတယ်။

  • သင့်မိသားစုကိုအချိန်ပေးပါ

သင့်ရဲ့ အားလပ်ချိန်တွေကို အကောင်းဆုံးအသုံးချဖို့ကတော့ သင့်မိသားစုနဲ့ အချိန်ကို တန်ဖိုးရှိစွာကုန်ဆုံးစေတာပဲဖြစ်ပါတယ်။ သင့်မြေးတွေနဲ့ ဆော့ကစားပြီး သူတို့ကို စောင့်ရှောက်ဖို့အတွက် အပတ်စဉ် အချိန်လေးတွေကို စီစဉ်ထားပေးပါ။ အော်ပရာပွဲတွေ၊ ရှိုးပွဲတွေ စတဲ့ ယဉ်ကျေးမှုဆိုင်ရာပွဲတွေ ကိုသွားပါ။ ဒါမှမဟုတ် စနေ၊တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့ အပျော်ခရီးထွက်ပါ။

တကယ်တော့ သင်ဘာကိုပဲလုပ်လုပ် ဝမ်းမြောက်ဝမ်းသာလုပ်ပါ။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတဲ့နောက် ပင်စင်စားတဲ့သူတွေဟာ နောက်ဆုံးတော့ သင့်အချိန်ကို ကိုယ်တိုင် ကောင်းကောင်းအသုံးချခွင့်ရရှိတာပါ။ ဒါ့ကြောင့် အချိန်ကိုအကျိုးရှိရှိနဲ့ မမေ့နိုင်ဖွယ်ဖြစ်အောင် အသုံးချပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly