မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရုန်းကန်နေရတဲ့ တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထားနေ

မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရုန်းကန်နေရတဲ့ တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထားနေ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက် မန်ယူအသင်း ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ အန်သိုနီ မာရှယ်ကို နူးကမ်ဆီ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

မာရှယ်ဟာ ယခုရာသီမှာ မော်ရင်ဟိုရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်ခွင့်ရရန် ရုန်းကန်နေခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲသာ ပါဝင်ကစားထားရသေးပါတယ်။ ဒါ့ကြောင့် ကာတာလန်အသင်းဟာ ဒီအခွင့်အရေးကို အရယူကာ အဆိုပါကစားသမားကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Mundo Deportivo သတင်းစာရဲ့ ဖော်ပြချက်အရ စပိန်ကလပ်အသင်းက မာရှယ်ရဲ့ အရည်းအသွေးမှာ နူးကမ့်အတွက် ကောင်းမွန်လုံလောက်တယ်လို့ ယုံကြည်နေပြီး အိုးလ်ထရက်ဖို့ဒ်မှာ ပြင်သစ်ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ လတ်တလောမှာ ဘယ်တောင်ပံနေရာမှာ ရွေးချယ်စရာ နည်းပါးနေပြီး ၎င်းနေရာကို ဖြည့်တင်းဖို့အတွက် မာရှယ်ကို ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ယခုနွေရာသီက ခေါ်ယူထားတဲ့ ကစားသမားသစ် ဒမ်ဘီလီဟာလည်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေရပြီး ဘာစီလိုနာအသင်းက မာရှယ်ဟာ လိုအပ်တဲ့ အရည်အသွေးတွေရှိပြီးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မာရှယ်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းမှ မန်ယူသို့ ခန့်မှန်းခြေ ပေါင် ၅၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၁၀၀ မှာ ဂိုး ၃၀ သွင်းယူထားနိုင်ခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required