ဖာဂူဆန်နောက်ပိုင်း မည်သည့်နည်းပြမှ သူ့လောက်မကောင်းဟု ဒေးဗစ်မိုရက်စ်ဆို

ဖာဂူဆန်နောက်ပိုင်း မည်သည့်နည်းပြမှ သူ့လောက်မကောင်းဟု ဒေးဗစ်မိုရက်စ်ဆို

အောက်တိုဘာ ၈၊ အင်္ဂလန် ။            ။ မန်ယူအသင်းတွင် ဖာဂူဆန်နောက်ပိုင်း မည်သည့်နည်းပြမှ သူ့လောက်ကောင်းအောင် မလုပ်နိုင်ဟု နည်းပြဒေးဗစ်မိုရက်စ်က ပြောဆိုလိုက်သည်။

အဲဗာတန်နှင့် မန်ယူနည်းပြဟောင်းမိုရက်စ်က မန်ယူအသင်းကို သူကိုင်တွယ်ခဲ့သည့် ၁၀ လတာကာလမှာ အားလုံးခြုံကြည့်လျှင် ရလဒ်မကောင်းသော်လည်း ထိုကာလအတွင်း မည်သည့်နည်းပြမှ သူ့လောက်ကောင်းအောင်မလုပ်နိုင်ဟု ဆိုသည်။

မန်ယူအသင်းသည် မိုရက်စ်ကိုင်တွယ်ခဲ့သည့် ၁၀ လအတွင်း ပရီးမီးယားလိဂ်တွင် အဆင့် ၇ ၌ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ရောက်ရှိခဲ့သည်။

"ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းအချိန်က မန်ယူအသင်းအတွက် အပြောင်းအလဲကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ မန်ယူအသင်းကို ဖလားရအောင်လုပ်ပေးနိုင်ဖို့က   တော်တော်ခက်ပါတယ်။ မန်ယူအသင်းကို ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ အချိန်က ရလဒ်မကောင်းတာ လက်ခံပေမယ့် အချိန်ကာလက အရမ်းတိုတောင်းလွန်းပါတယ်။ ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေဟာ အဲ့ဒီအချိန်ကာလမှာ ကျွန်တော့်လောက် ရလဒ်ကောင်းအောင် မလုပ်နိုင်ခဲ့ကြပါဘူး" ဟု မိုရက်စ်က ဆိုခဲ့သည်။

မိုရက်စ်သည် မန်ယူအသင်းမှ ထုတ်ပယ်ခံရပြီးနောက် ဆိုစီဒက်အသင်းကို ကိုင်တွယ်ခဲ့ရာ အောင်မြင်မှုမရခဲ့သလို ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ရာတွင်လည်း ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required