နျူကလီးယားစမ်းသပ်မှု အစီအစဉ်ကို ကင်ဂျံုအမ်း ချီးကျူးဂုဏ်ပြု

နျူကလီးယားစမ်းသပ်မှု အစီအစဉ်ကို ကင်ဂျံုအမ်း ချီးကျူးဂုဏ်ပြု

အောက်တိုဘာ ၈ ။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက သူ့နိုင်ငံ၏ နျူကလီးယားလက်နက် စမ်းသပ်မှုအစီအစဉ်များ သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် အမေရိကန်ပြည်ထောင်စု၏ ခြိမ်းခြောက်မှုများကို တန်ပြန်တုံ့ပြန်ရာတွင် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန ကေအဲန်စီအေက တနင်္ဂနွေနေ့တွင် သတင်းတင်ပြခဲ့သည်။

ပြုံယမ်းမြို့၌ စနေနေ့ကပြုလုပ်ခဲ့သော ကိုရီးယားအလုပ်သမားပါတီ၏ အစည်းအဝေး၌ ပါတီဥက္ကဌဖြစ်သူ ကင်ဂျုံ အမ်းက “မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေဟာ အမေရိကန်နယ်ချဲ့တွေရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ကာကွယ်ဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေနဲ့ ရုန်းကန်ပြီးမှ ပေါက်ဖွားလာတဲ့ အောင်မြင်မှုအသီးအပွင့်တွေပဲ ဖြစ်ပါတယ်” ဟု ဗဟိုကော်မတီသို့ ပြောကြားခဲ့သည်။

ဒါ့အပြင်ကင်ဂျုံအမ်းက ပြုံယမ်းအစိုးရ၏ နျူကလီးယားလက်နက်စမ်းသပ်မှု အစီအစဉ်သည် ကိုရီးယားကျွန်း ဆွယ်ဒေသနှင့် အာရှအရှေ့မြောက်ပိုင်းဒေသတို့ရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်နယ်ချဲ့တို့နှင့် ၎င်း၏အပေါင်းအပါများက မြောက်ကိုရီးယားတို့၏ လက်နက်စမ်းသပ်မှု အစီအစဉ်များ ရပ်တန့်သွားအောင် အရေးယူပိတ်ဆို့မှုများ   ပြုလုပ်နေသော်လည်း   ပြုံယမ်းအစိုးရ၏ နျူကလီးယားမျှော်မှန်းချက် သည် အားကောင်းသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေကြောင်း ကင်ဂျုံအမ်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်နှစ်တစ်ကြိမ်ကျင်းပသော မြောက်ကိုရီးယားအာဏာရပါတီ၏ မျက်နှာစုံညီအစည်းအဝေးပွဲ၌ ကင်ဂျုံအမ်း သည် သူ၏ညီမဖြစ်သူ ကင်ယိုဂျောင်အား ပါတီ၏ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ကင်ဂျုံအမ်း၏ လက်ထောက်တစ်ဦးဖြစ်သော ချိုးရောင်ဟေးကို ပါတီ၏ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုအား ဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

လာမည့်အင်္ဂါနေ့တွင် ကျရောက်မည့် မြောက်ကိုရီးယားပြက္ခဒိန်၌ အရေးပါဆုံးနေ့ရက်ဖြစ်သော ၇၂ ကြိမ်မြောက် အလုပ်သမားပါတီထူထောင်ခြင်း အထိမ်းအမှတ်အခမ်းအနား မကျင်းပမီ ရက်ပိုင်းအလိုတွင် ယခုလိုအစည်း အဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအထိမ်းအမှတ်အခမ်းအနား ကျင်းပသည့်နေ့တွင် မြောက်ကိုရီးယားတို့အနေဖြင့် ဒုံးပျံစမ်းသပ်မှုများ ပြုလုပ် သွားဖို့ရှိကြောင်း တောင်ကိုရီးယားအစိုးရက မကြာသေးခင်ရက်ပိုင်းအတွင်း သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required