ပွင့်ဖြူမုန်းချောင်းတံတားသစ်ကို ဘက်ဂျက်ကျပ်သန်း(၂၅၀၀)ဖြင့် ဆောက်လုပ်သွားမည်

ပွင့်ဖြူမုန်းချောင်းတံတားသစ်ကို ဘက်ဂျက်ကျပ်သန်း(၂၅၀၀)ဖြင့် ဆောက်လုပ်သွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူ-ပွင့်ဖြူ-စလင်း တညောင်လမ်းမကြီးရှိ ပွင့်ဖြူမုန်းချောင်းတံတားသစ်ကို  ပြည်ထောင်စုဘက်ဂျက်ကျပ်သန်း(၂၅၀၀)ဖြင့် ဆောက်လုပ်သွားမည်ကြောင်း ပွင့်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ယနေ့ပြောသည်။

မုန်းချောင်းတံတားဟောင်းသည် ၁၉နှစ် ကြာမြင့်ခဲ့ပြီး တံတား၏ ခံနိုင်ဝန် အခက်အခဲများကြောင့် ယခုအခါ ပွင့်ဖြူမုန်းချောင်းတံတားအသစ်ကို  ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း  ဦးတင့်ဆန်းကပြောသည်။

 “သန်း၂၅၀၀နဲ့ တံတားအထူးအဖွဲ့ (၅ ) ဆိပ်ဖြူ ကို တာဝန်ပေးအပ်ထားပါတယ်၊ ၂၀၁၇ မေလက စတင်ပြီး လုပ်းငန်းဆောင်ရွက်လျက်ရှိပါတယ်၊ ၂၀၁၈ မတ်လအကုန်မှာ ပြီးစီးမှာပါ ”ဟု ဦးတင့်ဆန်းက မဇ္ဈိမ သို့ပြောသည်။

ယင်းမုန်းချောင်း တံတားသစ်၏ ခွင့်ပြုယာဉ် အလေးချိန်မှာ တန်၆၀ဖြစ်ပြီး၊ လူသွားလမ်းအကျယ် ၃ ပေ၊ နှစ်ဘက် ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ တံတားအကျယ်  ပေ၃၀၊ တံတားခန်းဖွင့် ပေ၁၀၀  ( ၁၃ )ခန်း ဖြစ်သည်။

ယင်းတံတားသည် မင်းဘူး-ပွင့်ဖြူ-စလင်း-တညောင်လမ်း မုန်းချောင်းပေါ် တည်ရှိပြီး မင်းဘူးဘက်ခြမ်း ဒေဒရဲရွာနှင့် စလင်းဘက်ခြမ်း ရှောက်တောရွာသို့ဆက်သွယ်ထားသော မုန်းချောင်းဖြတ် တံတားဖြစ်သည်။

ယနေ့ အောက်တိုဘာလ ( ၈ ) ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသ ကြီး လမ်းတံတား ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်း ဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများက တံတား စတင်ဆောက်လုပ်ရန်အတွက် မင်္ဂလာပန္နက်တင် ခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly