ပေါင်ခြံယားခြင်း

ပေါင်ခြံယားခြင်း

ရေးသားသူ Dr.Aye Myat Myat Noe 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

Jock itch ဆိုတာဟာ တကယ်တော့ ဘတ်တီးရီးယား သို့မဟုတ် မှိုတစ်မျိုးမျိုးကြောင့်ဖြစ်တတ်တဲ့ များပြားလှတဲ့ အရေပြား၊ လက်သည်းခြေသည်းတွေမှာ ပိုးဝင်ခြင်းတွေထဲက တစ်မျိုးဖြစ်တယ်။ ပွေးပုံစံတစ်မျိုးဖြစ်ပါတယ်။ ထိုမှိုမျိုးဟာ ဆဲလ်အသေတွေရှိတဲ့ အရေပြားလွှာမှာနေပြီး နီရဲကာအရေပြားစတွေလန်နေတတ်တဲ့၊ ဒါမှမဟုတ် အနားသတ်မှာအဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေဖြစ်လာစေပါတယ်။

ဘယ်လောက်ဖြစ်လေ့ရှိလဲ

ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထအရမ်းရှိတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့၊ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအဝတ်လဲခန်းလို နေရာမျိုးတွေမှာကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။
ဖြစ်နိုင်ချေများစေတဲ့အချက်လေးတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တခြားအချက်အလက်တွေသိဖို့ ဆရာဝန်နဲ့လည်းဆွေးနွေးတိုင်ပင်နိုင်တယ်။

လက္ခဏာများ

ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့စအိုဝတဝိုက်ကိုပျံ့သွားနိုင်ပါတယ်။ ပေါင်ခြံ၊ ကပ်ပယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်တယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတတ်တဲ့ လေ့ကျင့်ခန်းလုပ်ရာမှာဝတ်တဲ့အင်္ကျီတွေ၊ မသန့်ရှင်းတဲ့အတွင်းခံတွေကြောင့်ရနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျား မိန်းမလိင်အင်္ဂါတဝိုက်နဲ့ စအိုဝတဝိုက်မှာ တွေ့ခဲပါတယ်။
တချို့တလေမှာ ယားယံတဲ့အကွက်တစ်ကွက်ပဲရှိတတ်ပြီး တချို့ကတော့ အစွန်းတွေစုပေါင်းသွားကာ ကြီးမားတဲ့အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
ထိုယားကွက်တွေရဲ့လက္ခဏာပုံစံတွေကတော့-
• ပွေးကွက်တွေနဲ့ပုံစံဆင်တူပါတယ်
• နီရဲနေပြီး အလွန်ယားယံတဲ့အကွက်တွေဖြစ်တယ်
• အနားသတ်တွေကထင်ရှားပါတယ်
• အကွက်အလယ်မှာနီညိုရောင်ဖြစ်ပြီး
• အစွန်းတွေမှာမှာ အရည်ကြည်ဖုလို အဖုသေးသေးလေးတွေရှိပါတယ်။
တခြားသောအချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ တကယ်လို့သိလိုသည်များ၊ စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြသင့်သလဲ

အထက်ပါလက္ခဏာများရှိပြီး ၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်နိုင်ပါတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်အခြေအနေတွေဟာ မတူညီတာကြောင့် မိမိအခြေအနေအတွက်အကောင်းဆုံးကိုသိဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးနေမှာပါ။

Jock itch ဖြစ်စေတဲ့အချက်တွေ

တင်းကြပ်ပြီးပွတ်တိုက်စေတတ်တဲ့ အတွင်းခံတွေ၊ အမြဲစွတ်စိုနေမှု၊ ချွေးထွက်မှု၊ အသားချင်းပွတ်တိုက်မိမှု၊ ဓာတ်မတည့်ခြင်းပြဿနာ၊ မှိုစွဲမှုနဲ့ ဘတ်တီးရီးယားပေါက်ပွားမှုတွေဟာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။
အဖြစ်အများဆုံးအကြောင်းကတော့ အရေပြားရောဂါပိုးဝင်မှုကို ကုတ်ခြစ်ပစ်တာကြောင့် ပျံ့သွားရခြင်းပါ။ ဒါမှမဟုတ် ရောဂါပိုးရှိနေတဲ့တဘတ်၊ ပုဝါကိုသုံးမိတာမျိုး၊ ရောဂါပိုးရှိသူနဲ့ ပူးကပ်စွာဆက်ဆံမိတာမျိုးကလည်း မှိုတွေကိုကူးစက်စေပါတယ်။
ဖြစ်စေတဲ့ မှိုတွေကတော့ E.floccosum(အီးဖလော့ခ်ကိုဆမ်း) နဲ့ T.rubrum (တီရုဘရမ်)တို့ဖြစ်တယ်။ Tinea cruris(တီးနီးရား ခရုရစ်) မှိုဟာ keratinase(ကီရာတီနေ့စ်) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးထုတ်ပြီး ထိုအင်ဇိုင်းက keratin (ကီရတင်) တွေကိုစားပစ်ပါတယ်။ Keratin ဟာ အရေပြား ( ဆံပင်၊ လက်သည်းခြေသည်း) တွေရဲ့ အခြေခံပရိုတင်းတစ်မျိုးဖြစ်တာကြောင့် keratin တွေကိုစားပစ်လိုက်ခြင်းဟာ အရေပြားလန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။
ပဋိဇီဝဆေးတချို့သောက်နေရသူတွေ၊ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ ဆီးချိုသွေးချိုရှိသူတွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။
တခါတလေမှာ ဘတ်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ Jock itch တွေဟာ မာကျူရီမီးနဲ့ထိုးကြည့်ရင် နီဆွေးဆွေးရောင်ပေါ်တတ်ပါတယ်။

ဖြစ်နိုင်ချေများစေသောအချက်များ

စိတ်မပူမိတဲ့အရာတွေဟာ ဖြစ်နိုင်ချေတက်စေတဲ့အရာတွေ ဖြစ်နေနိုင်ပါတယ်။
• စိုထိုင်းသောတာဝါ၊ ဖိနပ်တွေ၊
• ညစ်ပစ်ပြီး မလျှော်ထားတဲ့အဝတ်တွေ၊
• စိုထိုင်းသောကြမ်းပြင်
• စိုထိုင်းသောအခန်း
• ခန္ဓာကိုယ်တခြားနေရာမှာ မှိုစွဲနေတဲ့အခါ
Jock itch ကို ကျန်းမာနေတဲ့လူတွေမှာလည်း တွေ့ရတတ်ပေမယ့် ဆီးချိုသွေးချိုရှိသူတွေ၊ အဝလွန်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါရှာဖွေခြင်း၊ ကုသခြင်း

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။
ရောဂါဖြစ်ကြောင်းဘယ်လိုရှာဖွေတွေ့နိုင်မလဲ
အများစုကထိခိုက်ထားရာအရေပြားနေရာကို စစ်ဆေးခြင်းအားဖြင့် jock itch ကိုတိကျမှန်ကန်စွာ အမည်တပ်နိုင်ပါတယ်။ ဒါပေမယ့် တချို့အခါတွေမှာတော့ jock itch နဲ့ခပ်ဆင်ဆင်တူပြီး အရေပြားအထူးကုက အရေပြားဆဲလ်များကို ခြစ်ယူစစ်ဆေးမှသာ တခြားအခြေအနေဖြစ်ကြောင်း သိရှိရသည်များလည်းရှိပါတယ်။

ဘယ်လိုကုသမလဲ

Jock itch ကိုပုံမှန်အားဖြင့် မှိုသတ်ဆေးလိမ်းဆေးဖြင့် ကုသတာများပါတယ်။ တခါတရံ ယားယံခြင်းမြန်မြန်သက်သာဖို့ hydrocortisone ပါအသုံးပြုတာလည်းရှိပါတယ်။ Steroid လိမ်းဆေးကို မိမိသဘောနဲ့ထည့်သွင်းလိမ်းခြင်းများ မလုပ်သင့်ပါဘူး။ လိမ်းဆေးကို တစ်ရက် တစ်ကြိမ်မှနှစ်ကြိမ်ထိ သုံး၊လေးပတ်ထိ စွဲလိမ်းပေးရပါမယ်။
တကယ်လို့မထိရောက်ပါက သောက်ဆေးအသုံးပြုရပါမယ်။ Terbinafine(တာဘင်နဖိုင်း), itraconazole (အစ်တရာကွန်ဇိုးလ်)တို့သောက်နိုင်ပါတယ်။
ကုသနေစဉ် အဝတ်အစားများ ကြပ်ကြပ်တည်းတည်း မဝတ်ဆင်သင့်ပါဘူး။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

Jock itch သက်သာစေနိုင်သော နေထိုင်မှုပုံစံနှင့်အိမ်တွင်းကုသမှုများ
Jock itch ဟာ အရှင်းပျောက်ကင်းပြီးမှ ပြန်ဖြစ်လာတာမျိုး ရှိနိုင်ပါတယ်။ ပြန်ဖြစ်တာကိုလျှော့ချဖို့အတွက် အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုသမှုပုံစံများကို အသုံးပြုကြည့်နိုင်ပါတယ်။
• ခြေထောက်မှာမှိုစွဲခြင်းများရှိပါက ချက်ခြင်းကုသပါ
• ရေချိုးပြီးတဲ့အခါ ပေါင်ကြားတွေကို ပုဝါနောက်တစ်ထည်နဲ့ သေချာခြောက်အောင်သုတ်ပါ။
• ပုဝါ၊ တဘတ်၊ ကိုင်ပိုင်အဝတ်အစားများကို ဝေမျှမသုံးပါနဲ့။
• တင်းကြပ်လွန်းသော အဝတ်အစားများမဝတ်ပါနဲ့။
• အဝလွန်နေပါက အသားချင်းပွတ်မိ၊ ပွန်းမိခြင်း၊ ချွေးထွက်ခြင်းများ လျော့စေဖို့ ဝိတ်ချဖို့ကြိုးစားပါ။
သိလိုသည်များရှိပါက မိမိအတွက်အကောင်းဆုံးဖြစ်မည့် အကြံများအတွက် ဆရာဝန်နဲ့သေချာမေးမြန်းဆွေးနွေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly