ဖိလစ်ပိုင်သို့ လက်နက်နှင့် ခဲယမ်းမီးကျောက်များ တရုတ်က ထပ်ပြီး ပေးလှူပြန်

ဖိလစ်ပိုင်သို့ လက်နက်နှင့် ခဲယမ်းမီးကျောက်များ တရုတ်က ထပ်ပြီး ပေးလှူပြန်

 

မနီလာ၊ အောက်တိုဘာ ၅ ။           ။ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာ ၅ ရက်တွင် ရိုင်ဖယ်သေနတ်အလက် ၃၀၀၀ နှင့် ကျည်ဆန်ခဲယမ်းပေါင်း သုံးသန်းကို ပေးလှူခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့ရှိ စစ်တန်လျားတွင် တရုတ်သံအမတ်ကြီး Zhao Jianhua က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana ထံ ယင်းလက်နက်ခဲယမ်းများ လက်လွှဲပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေးအပ်ပွဲတွင် ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Eduardo Ano လည်း တက်ရောက်ကြောင်း EFE သတင်းဌာနက ဖော်ပြသည်။

“ခုလို လက်နက်ခဲယမ်းတွေ ပေးအပ်လှူဒါန်းတယ်ဆိုတာ အိုင်အက်စ်သြဇာခံ စစ်သွေးကြွတွေကို ဖိလစ်ပိုင်က တိုက်ခိုက်နေရတာကို တရုတ်ရဲ့ ခိုင်မာတဲ့ ရပ်တည်ပံ့ပိုးမှုကို ထပ်ပြီး ပြသလိုက်တာပါ။ ဒါက ဒုတိယအကြိမ် ပေးပို့တာပါ။ နောက်ထပ် တတိယအသုတ် လက်နက်တွေ ပေးလှူတာကို လာမယ့်နှစ်အစောပိုင်းမှာလည်း ထပ်ပြီး ပေးလှူသွားဦးမှာ ဖြစ်ပါတယ်။”ဟု Zhao က ပြောသည်။

ဖိလစ်ပိုင် စစ်တပ်အနေဖြင့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ မာရာဝီမြို့တွင် အခိုင်အမာ ခြေကုပ်ယူထားသည့် အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ထုတ်နေရလျက်ရှိသည်။ မာရာဝီမြို့ တိုက်ပွဲများက အဆိုပါ စစ်သွေးကြွများ ဝင်ရောက်စီးနင်းသည့် မေလမှစကာ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ပြောနိုင်တယ်။ တစ်နှစ်လောက် အချိန်လေးမှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဘုံပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ဆီ ဝင်ရောက်ခဲ့ပြီလို့ ကျွန်တော် ပြောလိုတယ်။”ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က သမ္မတ ဒူတာတေး ရာထူးတက်ချိန်မှစကာ ရေရှည်မဟာမိတ် အမေရိကန်ကို ခွာပြီး တရုတ်နှင့် ပိုမိုနီးစပ်မှုသို့ ရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ပေကျင်းအနေဖြင့် ဇွန်လကုန်တုန်းကလည်း မနီလာထံ လက်နက်နှင့် ခဲယမ်းများ ပေးလှူထားခဲ့ဖူးပြီးလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required