ခင်ဗျားတို့နှင့် ရာနှုန်းပြည့် အတူရှိနေဟု လက်စ်ဗီးဂတ်စ် ပစ်ခတ်ခံရသူများကို ထရမ့်ပြော

ခင်ဗျားတို့နှင့် ရာနှုန်းပြည့် အတူရှိနေဟု လက်စ်ဗီးဂတ်စ် ပစ်ခတ်ခံရသူများကို ထရမ့်ပြော

 

လက်စ်ဗီးဂတ်စ်၊ အောက်တိုဘာ ၅ ။                ။ လက်စ်ဗီးဂတ်စ် ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူများအား စောင့်ရှောက်ကုသမှုပေးနေသည့် Universtiy Medical Center သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သွားရောက်ခဲ့ကာ ဆရာဝန်များ၊ လူနာများနှင့် တွေ့ဆုံပြီး “ကျွန်တော်တို့ဟာ ခင်ဗျားတို့အားလုံးနဲ့ အတူရှိနေတယ်ဆိုတာ သိထားပေးပါ။”ဟု ပြောခဲ့သည်။

အမေရိကန်သမိုင်းတွင် လူအမြောက်အမြားသေဆုံးသည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာသို့ သမ္မတ ထရမ့်က ကိုယ်တိုင်လာရောက်ခဲ့ခြင်းအတွက် ဒေသခံများက ကျေးဇူးတင်ဝမ်းမြောက်မှု ဖြစ်စေသည်။

လက်စ်ဗီးဂတ်စ်တွင် အောက်တိုဘာ ၁ ရက် ညနေပိုင်းက လဟာပြင်ဂီတရှိုးပွဲတစ်ခုရပ်အား အနီးရှိ မန္တလေးဘေးဟိုတယ်၏ ၃၂ ထပ်မှ နေပြီး အသက် ၆၄ နှစ်အရွယ် စတီဗင်ပတ်ဒေါ့ဆိုသူက   သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း ဟိုတယ်ခန်းထဲ ရဲက ဝင်စီးရာ စတီဗင်ပတ်ဒေါ့က ၎င်းကိုယ်ကို ပစ်ခတ်သတ်သေသွားသည်ကို တွေ့ရပြီး သေနတ် ၂၃ လက်ကို တွေ့ရှိသည်။ နီဗားဒါးရှိ ၎င်းနေအိမ်ကိုလည်း သွားရောက်ရှာဖွေရာ လက်နတ် ၁၉ လက်နှင့် ဖောက်ခွဲရေးပစ္စည်းများကိုပါ တွေ့ရှိသည်။

သို့သော်  ၎င်းစတီဗင်ပတ်ဒေါ့က အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးပစ်ခတ်မှုတစ်ရပ်အဖြစ် ယခုကဲ့သို့ လူအမြောက်အမြားအား သေနတ်ဖြင့် မည်သည့်အတွက်ကြောင့် ပစ်ခတ်ရခြင်းကို မသိရှိရသေးပေ။

အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားသော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများက နိုင်ငံတကာအကြမ်းဖက်မှုနှင့် ချိတ်ဆက်မှုကွင်းဆက်မတွေ့ရှိကြောင်း ပြောသည်။

ပရိတ်သတ် ၂၂၀၀၀ ကျော်ထက်မနည်း ရှိနေသည့် အဆိုပါ ရှိုးပွဲအား သေနတ်ဖြင့် အပေါ်စီးမှ အတွဲလိုက် ပစ်ခတ်ခဲ့သူ စတီဗင်ပတ်ဒေါ့သည် နီးဗားဒါးပြည်နယ် Mesquite မြို့ငယ်တွင် နေထိုင်သည့် စာရင်းကိုင်ဝန်ထမ်းအငြိမ်းစားတစ်ဦးဖြစ်ကြောင်း ရဲက ပြောသည်။

သို့သော်လည်း အိုင်အက်စ်အဖွဲ့က ပတ်ဒေါ့သည် မကြာသေးမီလများအတွင်း အစ္စလာမ်ဘာသာသို့ သက်ဝင်ကူးပြောင်းလာသူဖြစ်ကြောင်း၊ ယခုတိုက်ခိုက်မှု နောက်ကွယ်တွင် ၎င်းတို့အဖွဲ့ တာဝန်ရှိကြောင်း ကြေညာသည်။

စီရင်စုကောင်စီ အကြီးအကဲ ဂျိုးဆက်လွန်ဘာဒိုက “သူ့က ဘာကိုယုံကြည်လို့ ခုလို လုပ်တယ်ဆိုတာ နားမလည်ဘူး။”ဟု ပြောသည်။

“ခုထိတော့ ပစ်ခတ်မှုဟာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်တဲ့ ကွင်းဆက် မတွေ့သေးပါ။”ဟု အက်ဖ်ဘီအိုင် အထူးအေဂျင် အာယွန်ရူစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags