YBS နှင့် တက်စီတို့အငြင်းပွားမှုကို Live လွှင့်သဖြင့် ရဲက ဖုန်းသိမ်းဆည်းခဲ့ရာမှ ပြန်လည်ရရှိ

YBS နှင့် တက်စီတို့အငြင်းပွားမှုကို Live လွှင့်သဖြင့် ရဲက ဖုန်းသိမ်းဆည်းခဲ့ရာမှ ပြန်လည်ရရှိ
ဓာတ်ပုံ - ဦးကြည်မျိုးဇော်

 

ရန်ကုန်၊အောက်တိုဘာ၄ ။              ။ YBS နှင့် တက်စီတို့ ယာဉ်ကြောအငြင်းပွားမှုကို Live လွှင့်နေသူတစ်ဦးအား ရဲက ဟန့်တားခဲ့ပြီး လက်ကိုင်ဖုန်း သိမ်းဆည်းခဲ့မှု ဖြစ်ပွားခဲ့ရာ ယနေ့ အောက်တိုဘာလ ၄ ရက်တွင် ဖုန်းပြန်လည်ရရှိခဲ့ကြောင်း ကာယကံရှင် YBS ၅၈ ယာဉ်မောင်း ဦးကြည်မျိုးဇော်က ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်၌ YBS ၃၀ နှင့် တက္ကစီတစ်စီးတို့ YBS ၅၈ ယာဉ်လိုင်းဂိတ်ရှေ့တွင် ယာဉ်ကြောကိစ္စအငြင်းပွားခဲ့ကြပြီး YBS ၅၈ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးကြည်မျိုးဇော်က လူမှုကွန်ရက်မီဒီယာဖြစ်သည့် ဖေ့စ်ဘွတ်ပေါ်သို့ တိုက်ရိုက် Live လွှင့်ခဲ့သည်။

ထိုအချိန်တွင် ရဲများရောက်ရှိလာခဲ့လာကာ YBS ၃၀ နှင့် တက္ကစီ ကိစ္စ ဖြေရှင်းနေစဉ် YBS(၅၈)ယာဉ်မောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်ရန် ပြောဆိုခဲ့ရာမှ သေနတ်နှင့်ချိန်ကာ ဟန့်တားခံရသည်ဟု ကာယကံရှင် ဦးကြည်မျိုးဇော်က ပြောသည်။

"အဲဒီ ရဲကားကို မောင်းလာတဲ့ရဲပေါ့ ။ မင်းဘာတာဝန်ရှိတာလဲ ၊ ဘယ်ကကောင်လဲဘာညာပေါ့လေ တပိုင်းတစလေး Live လွှင့်လိုက်တာမှာပါတယ် ။ အဲဒီမှာ ကျွန်တော့်ဖုန်းကို သူက လာပြီးပုတ်ချတယ်။ Live လွှင့်နေတာ ရပ်သွားသေးတယ်။ ရပ်သွားပြီးတော့ နောက်မှ အဲဒီLiveလွှင့်နေတဲ့ထဲ ပါ ပါတယ်။ သေနတ်ပြောင်းဝကြီးကြီးကိုင်ထားတဲ့ရဲက ကျည်ထိုးပြီး မင်းအခုထွက် ဘာညာဆိုပြီးတော့ သေနတ်နဲ့ထိုးချိန်တော့တာ။ အဲဒီမှာ ထိုးချိန်တော့ ကျန်တဲ့ကားသမားတွေက ဆွဲကြပေါ့။ ဦးကြည်လာပေါ့ ကျွန်တော်လည်းပဲ ရှောင်နေလိုက်တယ်ပေါ့ဗျာ ။ မသွားတော့ဘူး။ အဲဒီနားကို ဝေးဝေးမှာသွားနေလိုက်တယ် သူတို့ဘာသူတို့ပြဿနာတွေရှင်းနေကြတယ်ပေါ့"ဟု ဦးကြည်မျိုးဇော်က ပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက  ဦးကြည်မျိုးဇော်အား YBS ၅၈ ဂိတ်၌ ခေါ်ယူတွေ့ဆုံကာ ၎င်းပိုင် Huawei ဖုန်းအား သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

YBS ၅၈ ယာဉ်လိုင်းအား တာဝန်ယူနေသည့် YUPTကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုနိုင်အား မေးမြန်းရာ " မဟုတ်ပါဘူး။ ဦးကြည်က သူထင်နေလို့ပါ ။ တကယ်က ဘာမှမဟုတ်ပါဘူး ဒီနေ့သွားတော့ (ဖုန်း)တောင်းခိုင်းထားပြီးပြီ"ဟု ဆိုသည်။

ယင်းနေ့မှာပင် ဝတ္တရားနှောက်ယှက်မှုဖြင့် ဦးကြည်မျိုးဇော်ကို အလုံရဲစခန်းသို့  ည ၉ နာရီခန့်တွင် ခေါ်ဆောင်သွားခဲ့ကာ ၂ နာရီခန့်အကြာ စစ်ဆေးမေးမြန်းပြီး ည ၁၁ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သိမ်းဆည်းခဲ့သည့်ဖုန်းအား ၄ ရက်ကြာပြီးနောက် ယနေ့အောက်တိုဘာလ  ၄ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့သည်။

ရဲလက်စွဲအပိုဒ်(၁၀၅၆)၌ ရဲတပ်ဖွဲ့ဝင်တွေအနေဖြင့် မိမိ၏အပြုအမူကြောင့် ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးအား သိက္ခာမကျစေရန် ဖော်ပြထားပြီး ပြည်သူလူထုအား ရဲတပ်ဖွဲ့ဝင်အနေဖြင့် သေနတ်ဖြင့်ချိန်ရွယ်သည်မှာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာအားထိခိုက်စေကြောင်းရဲတပ်ဖွဲ့အပေါ်အထင်အမြင်လွဲမှားစေနိုင်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။

"ဒါကတော့လက်မခံနိုင်ဘူး။ သေနတ်ထုတ်ပြီးချိန်းခြောက်တယ် မတော်တဆကျည်ထွက်သွားခဲ့ရင် အဲဒီသေဆုံးတဲ့အသက်ဖိုးအလျော်အစားကို ဘယ်သူ့ဆီကတောင်းရမှာလဲ ။ သေနတ်ဆိုတာသေစေနိုင်တယ်။ ရာဇသတ်ကြီးဥပဒေမှာပါတဲ့ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ချိန်းခြောက်မှုမျိုးကိုဆောင်ရွက်တဲ့အတွက် မနှစ်မြို့ဖွယ်ရာအပြုအမူဖြစ်တယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အဆိုပါကိစ္စရပ်အား ပြောဆိုလိုက်သည်။

အဆိုပါ ၅၈ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးကြည်မျိုးဇော်သည် YBS စနစ် စတင်သည့်အချိန်မှစ၍ (၅၈)ယာဉ်လိုင်းတွင်ဝင်ရာက်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး နေ့စဉ်အခေါက်တိုင်းရရှိသည့် ပိုက်ဆံငွေ (၂၅၀၀)ကျပ်စီကို ရေသန့်ဗူးများဝယ်ယူကာ ခရီးသည်များအတွက် အခမဲ့လှူလေ့ရှိသူတစ်ဦးဖြစ်သဖြင့် မီဒီယာတစ်ချို့မှ ဖော်ပြခံထားရသူတစ်ဦးဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags