လာ့စ်ဗီးဂတ်စ်သေနတ်သမား၏ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း စုံစမ်းစစ်ဆေးသူများ ပြောကြား

လာ့စ်ဗီးဂတ်စ်သေနတ်သမား၏ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း စုံစမ်းစစ်ဆေးသူများ ပြောကြား

 

လာ့စ်ဗီးဂတ်စ်၊ အမေရိကန်၊ အောက်တိုဘာ ၄ ။                    ။ လာ့စ်ဗီးဂတ်စ်ရှိ သေနတ်ပစ်ခတ်မှုအတွင်း အနည်းဆုံးလူပေါင်း ၅၈ဦးခန့်ကို သေဆုံးစေခဲ့ကာ လူပေါင်း ၅၀၀ ကျော်ကို ဒဏ်ရာရရှိအောင်ကျူးလွန်ခဲ့သော သေနတ်သမား၏ရည်ရွယ်ချက်ကို ယခုအချိန်ထိရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများဟာ အသက် ၆၄နှစ်အရွယ်ရှိ တရားခံဖြစ်သူ စတက်ဖန်ပတ်ဒေ့ါခ်သည် မည်သည့် အကြောင်းရင်းကြောင့် ယခုလိုလူအစုလိုက်အပြုံလိုက်ကို   သေနတ်နှင့်ပစ်ခတ်ရခြင်းအား   သေသေချာချာ ရှင်းပြ နိုင်ခြင်းမရှိသေးကြောင်း လက်ထောက်ရဲအရာရှိ ကီဗင်မက်မာဟေးလ်က သတင်းထောက်များအား အင်္ဂါနေ့၌ ပြောဆိုခဲ့သည်။

“ဒီအမှုကိုကျနော်တို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပြီး ယခုအချိန်မှာတော့ ဘာမှကိုသေချာမရှင်းပြနိုင်သေး ပါဘူး။ ကျနော်မဖြေချင်လို့ ရှောင်လွှဲနေတာမဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့အဖြေထက် မေးခွန်းတွေက ပိုများနေပါတယ်” ဟု မက်မာဟေးလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး “စုံစမ်းစစ်ဆေးမှုတွေအရ ကျနော်တို့ ကောက်ချက်ချနိုင်ဖို့ အဝေးကြီးလိုပါသေးတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

သေနတ်သမားပတ်ဒေါ့ခ်သည် လာ့စ်ဗီးဂတ်စ်မြို့ှရှိ မန္တလေးဘေးဟော်တယ်ရှိ သူ၏အိပ်ခန်းအတွင်းမှနေ၍ ဟော်တယ်အောက်တွင်ကျင်းပနေသော ဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့သည့် ပရိသတ်ပေါင်းများစွာအား သေနတ်နှင့် ၉ မိနစ်မှ ၁၁ မိနစ်ကြားအထိ ပစ်ခတ်ခဲ့ကြောင်း မက်မာဟေးလ်က ပြောဆိုခဲ့သည်။

ထို့နောက်တွင် ပတ်ဒေါ့ခ်သည် အထူးရဲတပ်ဖွဲ့များ သူ၏အခန်းအတွင်းသို့ မရောက်ရှိမီတွင် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required