မြန်မာအလုပ်သမား ညွှန်ကြားရေးမှူးချုပ်က ထိုင်းရှိ အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံ

မြန်မာအလုပ်သမား ညွှန်ကြားရေးမှူးချုပ်က ထိုင်းရှိ အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံ
Photo - AAC Facebook

အောက်တိုဘာလ ၃ ရက်၊၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                               ။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော   မြန်မာအလုပ်သမားများ အရေးအတွက် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနီးရှိ Holiday Inn ဟိုတယ်တွင် တွေ့ဆုံခဲ့ရာ လက်ရှိ MOU မြန်မာ အလုပ်သမားများ ကြုံတွေ့နေရသော ရောက်ရှိနေရာတွင် သောင်တင်နေမှုများ၊ အလုပ်သမားများ လူကုန်ကူးခံရမှုများ၊ CI စာအုပ်နှင့် ပတ်စ်ပို့စာအုပ် ပြုလုပ်ရာတွင် အမြတ်ကြီး ယူ၍ လုပ်ပေးနေသော ပွဲစားများ ရှိနေခြင်း၊ ခြေပြတ်လက်ပြတ် အလုပ်သမားများ၏ နစ်နာကြေးရရေး ကြန့်ကြာနေမှုများပါဝင် တင်ပြခဲ့သည်ဟု AAC မှ အထွေထွေ တာဝန်ခံ ဦးရဲမင်းက ပြောသည်။

“သူက (ဦးဝင်းရှိန်)က ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့ CI စာအုပ်ကိစ္စမှာ မသမာမှု တွေကို သူအသတ်နိုင်ဆုံး ဖော်ထုတ်သွားပေးမယ်။ ထိုင်းရောက် အလုပ်သမားအခက်အခဲတွေကို ဘယ်လို လုပ်ရမလဲဆိုတာတွေကို အသတ်နိုင်ဆုံး သံအရာရှိတွေကို မှာခဲ့မယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ တွေ့တဲ့အခါမှာလည်း ဒါတွေကို ထောက်ပြပြောဆိုမယ်ဆိုတာမျိုးတွေ ပြောပါတယ်”ဟု AAC မှ အထွေထွေ တာဝန်ခံ ဦးရဲမင်းက ပြောသည်။

ညွှန်ချုပ် ဦးဝင်းရှိန်သည် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ထုတ်ပေးရေး စခန်းများသို့ လုပ်ငန်းများ စစ်ဆေးရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ညွန်ကြားရေးမှူးချုပ်က ထိုင်းရောက် အလုပ်သမားအရေးဆောင်ရွက်နေသော လူမှုအဖွဲ့အစည်း များကို တွေ့ဆုံ ဆွေးနွေး၍ အချက်အလက်များ ကောက်ယူရယူခြင်းသည် အလုပ်သမားများ အတွက် ကောင်းမွန်သည့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးရဲမင်းက ပြောသည်။

“သူက ကျွန်တော်တို့ဆီက စစ်တမ်းကောက်သွားတဲ့သဘောပါဘဲ။ ကျွန်တော်တို့ကို တိကျတဲ့အဖြေတော့ မပေးသွားဘူး။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောတယ်”ဟု သူက ဆက်ပြောသည်။

CI စခန်းများတွင် ဖြစ်ပျက်နေသော မြန်မာအလုပ်သမားများ အခက်အခဲများ၊ အလုပ်သမား အကူအညီ စောင့်ရှောက်သည့် ကိစ္စများနှင့် လက်ရှိ သံရုံး၏ လုပ်ဆောင်နေသော အခြေအနေများကို အလုပ်သမားအရေး ဆောင်ရွက်နေသူများက တညီတညွတ် တည်း တင်ပြခဲ့သော်လည်း လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအရာရှိများ လုပ်ဆောင်မှုအပေါ် အားမရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (MAT)က ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

“သူတို့ဘက်ကတော့အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပါမယ်။ စခန်းတွေကို စစ်ဆေးပါမယ်။ ထိုင်းအလုပ်သမား ဝန်ကြီးနဲ့လည်း အစည်းအဝေးလုပ်သွားပါ့မယ်လု့ိ လိုအပ်တာတွေ တင်ပြသွားမယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ကတော့ သူပြောတာကို အားမရဘူး။ သူပြောတဲ့စကားနဲ့လက်ရှိ သံရုံး အလုပ်သမား အရာရှိတို့ လုပ်နေတဲ့ အခင်းအကျင်းဟာ လွန်ခဲ့တဲ့ ၂၀၁၀ မတိုင်ခင်တုန်းက အခင်းအကျင်းပုံစံမျိုးဖြစ်နေတယ်။ အကောင်း အထည်ဖော်မှုဝေးတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (MAT)က ဒါရိုက်တာ ဦးကျော်သောင်းက မဇ္ဈိမကို ပြောသည်။

ထိုတွေ့ဆုံမှုတွင် ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသော အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly