ထိုင်းအသင်းကို အခွင့်အရေးရှာပြီး အနိုင်ကစားမည်ဟု ဂတ်ဇီဆီ ပြောကြား

ထိုင်းအသင်းကို အခွင့်အရေးရှာပြီး အနိုင်ကစားမည်ဟု ဂတ်ဇီဆီ ပြောကြား

အောက်တိုဘာ ၄၊ ရန်ကုန်။                 ။ ထိုင်းအသင်းနှင့်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲတွင် အခွင့်အရေးရှာဖွေအသုံးချပြီး အနိုင်ရလဒ်အတွက် ကြိုးစားကစားမည်ဟု   မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီက ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ကာဂျစ်စတန်နှင့်ကစားမည့် အာရှဖလားခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ထိုင်းလက်ရွေးစင်အသင်းနှင့် အောက်တိုဘာ ၅ ရက် ညနေ ၆း၃၀နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ကစားမည်ဖြစ်သည်။ ထိုင်းက ဒေသတွင်းမှာအကောင်းဆုံးအသင်းဖြစ်လို့ ဒီခြေစမ်းပွဲက ကျွန်တော်တို့အတွက် အကျိုးရှိစေမှာပါ။ ထိုင်းအသင်းကို တိုက်စစ်ဖွင့်ကစားမှာလားဆိုတော့ ပွဲချိန်အတွင်းမှာအခွင့်အရေးရှာပြီး အသုံးချနိုင်ဖို့ကြိုးစားပါမယ်။ ဟု ဂတ်ဇီဆီကပြောသည်။

မြန်မာအသင်းနှင့်ကစားမည့်ခြေစမ်းပွဲနှင့်ပတ်သက်ပြီး ထိုင်းလက်ရွေးစင်နည်းပြ မီလန်နိုကလည်း နှစ်သင်းစလုံးအတွက်အကျိုးရှိစေမည်ဟု သုံးသပ်ခဲ့သည်။ မြန်မာအသင်းက နည်းပြချုပ်ကောင်းတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။ နည်းစနစ်ကြွယ်ဝမှုရှိသလို အရည်အသွေးမြင့်ကစားသမားတွေလည်း ရှိနေပါတယ်။

မြန်မာပရိသတ်တွေရှေ့မှာ ရသကောင်းပေးနိုင်မယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဟု မီလန်နိုကပြောသည်။

ထိုင်းအသင်းနှင့်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသော ကြည်လင်းနှင့် မျိုးကိုထွန်းတို့ ပြန်လည်ပါဝင်လာသည်။   မြန်မာအသင်းမှာ ထိုင်းအသင်းနှင့်ခြေစမ်းပွဲအပြီး အောက်တိုဘာ ၁၀ရက်တွင် ကာဂျစ်စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲ ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required