ပြည်ခိုင်ဖြိုးပါတီရှိနေသရွေ့ ပြည်ထောင်စုမပြိုကွဲရဟု ဥက္ကဋ္ဌ ဦးသန်းဌေး ပြော

ပြည်ခိုင်ဖြိုးပါတီရှိနေသရွေ့ ပြည်ထောင်စုမပြိုကွဲရဟု ဥက္ကဋ္ဌ ဦးသန်းဌေး ပြော

 

မန္တလေး၊ အောက်တိုဘာ ၃ ။              ။ "ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှိနေသ၍ ပြည်ထောင်စုမပြိုကွဲရဘူး"ဟု အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးက ရခိုင်ပြည်အရေးကို ရည်ညွှန်း၍ ပြောဆိုလိုက်သည်။

"ငါတို့ပါတီရှိနေသ၍ ပြည်ထောင်စုမပြိုကွဲရဘူး။အချုပ်အခြာအာဏာ မရှုံးဆုံးစေရဘူး။ဒါတွေဟာ တစ်ယောက်ထဲလုပ်လို့မရဘူး။မင်းတို့ပါမှ ဖြစ်မှာ"ဟု ပါတီဝင် မျိုးဆက်သစ်များကို ဦးသန်းဌေးက ပြောသည်။

ထို့ပြင် လက်ရှိအနေဖြင့် တိုင်းပြည်အနေဖြင့် ခြိမ်းခြောက်မှုများ ခံနေရကြောင်း ပြောခဲ့သည်။

"တိုင်းပြည်က အန္တရာယ်တွေအများကြီး ခြိမ်းခြောက်မှုတွေခံနေရတယ်။ စားဝတ်နေရေးပြဿနာက စပြီးတော့ များများစားစားတွေးခေါ်နိုင်မှုစွမ်းအားမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပုဂ္ဂိုလ်နဲ့နိုင်ငံမကွဲဘူး"ဟု ဦးသန်းဌေးက ဆိုသည်။

ထို့ပြင် ဒီကနေ့ နိုင်ငံတော် တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ အသက်တွေကို ပြန်ကြည့် နောက်ဘယ်နှစ်နှစ် လုပ်နိုင်ဦးမလဲ ဟု ဦးသန်းဌေးက ပြောဆိုခဲ့သေးသည်။

ပါတီအနေဖြင့် မျိးဆက်သစ်လူငယ်များကို အားကိုကြောင်း မိမိအသက်သည် ၆၂နှစ်သို့ရောက်ရှိနေပြီး ဥက္ကဋ္ဌနေရာကို အချိန်အတိုင်းအတာတစ်ခုထိသာနေမှာဖြစ်ပြီး အချိန်တန်လျှင် မျိုးဆက်သစ်တွေကို ဥက္ကဋ္ဌနေရာပေးမှာဖြစ်ကြောင်း ဦးသန်းဌေးက ပြောခဲ့သည်။

ယနေ့ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊မြို့နယ်အသီးသီးနှင့်၊ခရိုင်အသီးသီးတို့မှ မျိုးဆက်သစ်လူငယ် ၄၇၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly