ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များ အကောင်အထည်ဖော်မှုကို ကူညီရန် ကုလအသင့်ရှိနေ

ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များ အကောင်အထည်ဖော်မှုကို ကူညီရန် ကုလအသင့်ရှိနေ
နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ မောင်တောဒေသသို့ အောက်တိုဘာလ ၂ ရက်က သွားရောက်ကြည့်ရှုလေ့လာနေကြစဉ်။
ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ

 

ရန်ကုန် ၊အောက်တိုဘာ ၃။              ။  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အာဏာပိုင်များကို အပြည့်အ၀ ထောက်ပံ့ရန် အသင့်ရှိနေသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ အစိုးရအစီအစဉ်ဖြင့် နိုင်ငံတကာသံတမန်များ သွားရောက်လေ့လာခဲ့ပြီးနောက် ကုလသမဂ္ဂက အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး  "ဒါဟာ အပြုသဘောဆောင် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်" ဟု ကုလသမဂ္ဂက ဆိုသည်။ ကုလသမဂ္ဂအနေဖြင့် ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားရာ နေရာရှိ ပြည်သူများကို မျှော်လင့်ချက်များ ပေးရန် ၊ ရခိုင်မြောက်ပိုင်းက ဝန်ထမ်းများနှင့် ချိတ်ဆက်ရန် အစိုးရစီစဉ်သည့် ရခိုင်ခရီးစဉ်ကို အသုံးချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် အကြမ်းဖက်မှုများ အဆုံးသတ်ရန်  တရားဥပဒေစိုးမိုးမှု ပြန်လည် ထူထောင်ရန် လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မရှိ ဝင်ထွက်ထောက်ပံ့ခွင့်ရရှိရန်နှင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များ မူလနေရပ်ရွာဆီ ဘေးကင်းလုံခြုံစွာပြန်လာနိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းထားခဲ့သည်။

ယမန်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသသို့ အစိုးရအစီအစဉ်ဖြင့် နိုင်ငံ ငါးဆယ်ကျော်မှ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်များ သွားရောက်လေ့လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required