လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော နိုင်ငံပိုင်မြေကွက်နှင့်အဆောက်အဦများ ပြန်သိမ်းရန် လွှတ်တော်မှ တိုက်တွန်း

လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော နိုင်ငံပိုင်မြေကွက်နှင့်အဆောက်အဦများ ပြန်သိမ်းရန် လွှတ်တော်မှ တိုက်တွန်း

 

ရန်ကုန် ၊ အောက်တိုဘာ ၃ ။              ။ နိုင်ငံပိုင်အဆောက်အဦနှင့်မြေကွက်များအား လုပ်ငန်းလုပ်ကိုင်ရန် နည်းအမျိုးမျိုးဖြင့် ရယူထားပြီး အမှန်တကယ် လုပ်ဆောင်ခြင်းမရှိသည့် မြေကွက်နှင့် အဆောက်အဦများကို နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်းအဆိုတစ်ခုကို လွှတ်တော်၌ တင်သွင်းခဲ့သည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဆယ်ရက်မြောက်နေ့တွင် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

“နိုင်ငံပိုင်အဆောက်အဦး ၊ မြေကွက်များကိုရယူစဉ်မှာလဲဈေးနှုန်းမှန်မဟုတ်ဘဲလျော့နည်းလွန်းတဲ့ ဈေးတွေနဲ့မတရား လက်သိပ်ထိုးရယူထားတာဖြစ်ပြီး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် ရသင့်ရထိုက်တဲ့အခွန်အခများနဲ့ အခြားဝင်ငွေများလည်း နစ်နာဆုံးရှုံးနေပါတယ်” ဟု ဦးလှဌေးက လွှတ်တော်၌ တင်သွင်းစဉ် ပြောဆိုခဲ့သည်။

ယင်းသို့တိုက်တွန်းကြောင်းအဆိုအားဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ထောက်ခံဆွေးနွေးခဲ့သလို တိုင်းဒေသအစိုးရအဖွဲ့ကိုယ်စား လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကလွှတ်တော်၌ ဆွေးနွေးသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့သည်။

“နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အဦများရယူထားပြီးလက်ရှိအချိန်ထိလုပ်ငန်းလုပ်ကိုင်အကောင်အထည် ဖော်ဆောင်ခြင်းမရှိသည့် မြေကွက်နှင့် နိုင်ငံပိုင်အဆောက်အဦများကို ပြန်လည်သိမ်းယူရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အားတိုက်တွန်းကြောင်း” အဆိုကိုလာမည့် အောက်တိုဘာ ၁၁ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly