မောင်တောမြောက်ပိုင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်၍ ရနိုင်ပြီ

မောင်တောမြောက်ပိုင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်၍ ရနိုင်ပြီ
ဓာတ်ပုံ - ကိုဝေဟင်အောင်
 

 

ရန်ကုန်၊ အောက်တိုဘာလ ၃ ။          ။ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မြောက်ပိုင်းရှိကျေးရွာများမှ လာရောက်တိမ်းရှောင်နေသော   ဒေသခံတိုင်းရင်းသားများ အနေဖြင့်  နေရပ်ပြန်၍ ရနိုင်သည့် အခြေအနေရှိနေကြောင်း ဒေသခံ တိုင်းရင်းသားများကို ကူညီပေးနေသည့် စစ်တွေမြို့နယ်မှ ဒေသခံစာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“ ဒီဘက်တွေမှာ မီးရှို့တာတို့၊ မိုင်းခွဲတာတို့ မဖြစ်တာ ဒီနေ့ဆိုရင် ရက်ပေါင်း ၁ဝ၊ ၂ဝ ရက်လောက်ရှိပြီ။ လမ်း တွေက လမ်းတစ်စုံတစ်ရာ သွားလာလို့ရနေပြီ။ အခင်းဖြစ်တာတို့လည်း မတွေ့ရတော့ဘူး။ ဒါကြောင့်ဒီဘက်က နေ သွားရောက်ခိုလှုံတဲ့ ဒေသခံတွေအနေနဲ့ ရွာရှိတဲ့သူ၊ နေအိမ်ရှိတဲ့သူတွေကတော့ ပြန်ဖို့ဆိုရင် ပြန်လို့ရပြီ။ ပြီးတော့ အစိုးရဘက်က လုံခြုံရေးတစ်စုံတရာ တိုးချပေးထားတာကိုလည်း ကျွန်တော်တို့ တွေ့ရတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့အလိုတော်ပြည့်ဆရာတော်အစီအစဉ်ဖြင့် ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့ပူးပေါင်းအဖွဲ့မှ နေရပ်ပြန်လိုသည့် အိမ်ထောင်စု ၁၁ စုအား မောင်တောခရိုင်မြောက်ပိုင်း သရက်အုပ်ကျေးရွာနှင့် ရွက်ညှိုတောင်ကျေးရွာများသို့ ပြန်လည်ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိသည်။

“မောင်တောတစ်မြို့နယ်လုံးမှာ ကျွန်တော်တို့မရောက်ခဲ့တဲ့နေရာက မရှိသလောက်ပဲဗျ။ နေရာတော် တော်များ များကို ရောက်ခဲ့ပြီးပြီ။ အဲ့ဒီအခြေအနေအရပ်ရပ်ကို ကျွန်တော်တို့ သုံးသပ်ချက်အရ ရွာရှိတဲ့ သူတွေနဲ့ အိမ်ရှိတဲ့ သူတွေက မိမိဒေသကို ပြန်တာကောင်းတယ်။ အခုဆိုရင် စပါးတွေကလည်း မှည့်လာပြီဗျာ။ ရွာတွေမှာ လူတွေ မရှိဘူးဆိုရင် နွားတွေ၊ ပစ္စည်းတွေပျောက်တယ်ဗျာ။ လူရှိရင်တော့တစ်စုံ တစ်ရာ ထိန်းသိမ်း ထားနိုင် တယ်။ ရွာတွေကိုလည်း တစ်စုံတစ်ရာ အကာအကွယ်လုပ်နိုင်တာပေါ့”ဟု စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

စာရေးဆရာ ဝေဟင်အောင်က မောင်တောရှိ ပိတ်မိနေသော ဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများတွင် ရှိနေ သူများအတွက် ကိုယ်တိုင်အလှူငွေများ   ကောက်ခံပေးနေသည့်အပြင်   ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်အတူ သြဂုတ်လ ၃ဝ ရက်နေ့မှ မောင်တောဒေသသို့ ရောက်ရှိပြီး ယခုလက်ရှိချိန်ထိ ဒေသခံတိုင်းရင်းသားများကို ကူညီ ထောက်ပံ့လှူဒါန်းပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် စာရေးဆရာ ဝေဟင်အောင်မှတစ်ဆင့် မောင်တောဒေသခံတိုင်းရင်းသားများထံလှူဒါန်းငွေ ကျပ် သိန်းပေါင်း ၂၄ဝဝ ခန့်ရရှိပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly