ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့အတွက် စပါးနှင့် ဗီလာရီးယဲလ်တို့ သဘောတူညီမှုရရှိ

ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့အတွက် စပါးနှင့် ဗီလာရီးယဲလ်တို့ သဘောတူညီမှုရရှိ

သြဂုတ် ၁၅၊ လန်ဒန် ။         ။ တိုက်စစ်မှူး ဆိုလ်ဒါဒို၏ အပြောင်းအရွှေ့အတွက် စပါးအသင်းနှင့် ဗီလာရီးယဲလ်အသင်းတို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်သည်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဆိုလ်ဒါဒိုသည် ဗီလာရီးယဲလ်အသင်းသို့ သုံးနှစ်သက်တမ်းစာချုပ်ဖြင့် ပြောင်းရွှေ့မည် ဖြစ်သည်။

ဆိုလ်ဒါဒိုသည် ၂၀၁၃ ခုနှစ် သြဂုတ်လက ဗလင်စီယာမှ စပါးသို့ ပြောင်းရွှေ့ကြေးပေါင် ၂၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ထိုအချိန်က စပါးအသင်းအတွက်ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း စပါးအသင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပြီး ၇၆ ပွဲတွင် ၁၆ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက စတင်ပြီး လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းခြေစွမ်းပြ လာသည့်အတွက် စပါးက ဆိုလ်ဒါဒိုကို ရောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆိုလ်ဒါဒိုက စပါးပရိသတ်များကို တောင်းပန်စကားနှင့် ကျေးဇူးတင်စကားများပြောဆိုခဲ့သည်။ 'ပြီးခဲ့တဲ့ ၂ နှစ်က ကျွန်တော့်အတွက် အလွန်ခက်ခဲ ပါတယ်။ စပါးပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း မစွမ်းဆောင်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။

ကျွန်တော့်ကိုအကောင်းဆုံး အားပေးဆက်ဆံခဲ့ကြတဲ့ အသင်းဖော်တွေ ပရိသတ်တွေနဲ့ အသင်းက ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကွင်းထဲမှာ ကစားနေတဲ့ စက္ကန့်တိုင်း သူတို့ရဲ့ အားပေးမှုက ဘယ်တော့မှ ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူး' ဟု ဆိုလ်ဒါဒိုက ပြောဆိုခဲ့သည်။

ဗီလာရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ရာသီက လာလီဂါတွင် အဆင့်ခြောက်နေရာရရှိခဲ့ပြီး ယခုနှစ်တွင် စပါးနည်းတူ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရမည့်အသင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly