ကွင်းပိတ်ကစားခြင်းမှာ အခက်ဆုံး ဆုံးဖြတ်ချက်များထဲမှတစ်ခုဟု ဘာစီလိုနာဥက္ကဌဆို

ကွင်းပိတ်ကစားခြင်းမှာ အခက်ဆုံး ဆုံးဖြတ်ချက်များထဲမှတစ်ခုဟု ဘာစီလိုနာဥက္ကဌဆို

 

အောက်တိုဘာ ၃၊ ဘာစီလိုနာ။                    ။ တနင်္ဂနွေနေ့က လက်စ်ပါးမက်နှင့်ပွဲကို ကွင်းပိတ်ကစားခဲ့ခြင်းအပေါ် ဘာစီလိုနာဥက္ကဌ ဘာတိုမြူကိုက ကာကွယ်ပြောဆိုခဲ့ပြီး အခက်ဆုံး ဆုံးဖြတ်ချက်များထဲမှတစ်ခုဟု ဖော်ပြခဲ့သည်။

ကာတလန်ဒေသတွင်နိုင်ငံရေးမငြိမ်မသက်ဖြစ်နေမှုများကြောင့် ပွဲရွှေ့ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ဘာစီလိုနာ အသင်းသည် နူးကမ့်တွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲမစခင် မိနစ် ၂၀ အလိုတွင်မှ သတင်းကို သိခဲ့ရသည်။ ဘာစီလိုနာအသင်းအနေဖြင့် ပွဲကို မကစားဘဲနေခဲ့ပါက ခြောက်မှတ်ဖြတ်သည့် ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ် ရှိခဲ့သည်။

စပိန်အစိုးရက တရားမဝင်ကြောင်းကြေညာထားသည့် ကာတလန်ဒေသခွဲထွက်ရေး ဆန္ဒမဲခံယူပွဲကို ရဲများကဖြိုခွင်းမှုကြောင့် လူ ၈၅၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့သည်။

တနင်္လာနေ့ကကျင်းပခဲ့သည့် အထူးအထွေထွေအစည်းအဝေးတွင် ဒါရိုက်တာနှစ်ဦးဖြစ်သည့် ဒုဥက္ကဌ ဗီလာရူဘီနှင့် မိုနက်စ်တို့ နုတ်ထွက်သွားကြောင်းလည်း ဘာတိုမြူက အတည်ပြုသည်။

“ဒါက ကျွန်တော်လုပ်ခဲ့သမျှထဲမှာ အခက်ဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ ပွဲကိုရွှေ့လိုက်ဖို့ ကျွန်တော်တို့တော်တော်လေး အကြိတ်အနယ်ဖြစ်ခဲ့ပမယ့် အဖွဲ့ချုပ်ဆီက ခွင့်ပြုချက် မရလောက်ပါဘူး။

ဒါကြောင့်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နူးကမ့်မှာ ပရိသတ်မပါဘဲ ဘောလုံးကစားနေရတဲ့ ပုံရိပ်ဟာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အပြုအမူကို ဖော်ကျူးရာ   ရောက်တာသာမကဘဲ ကာတလန်ဒေသမှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေရှိနေသည့်တိုင်အောင် ဘောလုံးဟာ အဲဒီအရာတွေနဲ့ ကင်းရှင်းကြောင်း ပြသလိုက်တာပဲ   ဖြစ်ပါတယ်”ဟု အသက် ၅၄ နှစ်အရွယ် ဘာတိုမြူက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required