လက်စ်ဗီးဂတ်စ် ဂီတရှိုးပွဲကို ပစ်ခတ်သူ၏ ရည်ရွယ်ချက် ရဲဌာန ဖော်ထုတ်နေ၊ အိုင်အက်စ်အဖွဲ့က ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထား

လက်စ်ဗီးဂတ်စ် ဂီတရှိုးပွဲကို ပစ်ခတ်သူ၏ ရည်ရွယ်ချက် ရဲဌာန ဖော်ထုတ်နေ၊ အိုင်အက်စ်အဖွဲ့က ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထား

 

လက်စ်ဗီးဂတ်စ်၊ အောက်တိုဘာ ၃ ။                ။ လူပေါင်း ၅၉ ဦး သေဆုံးပြီး ၅၂၇ ဦး ဒဏ်ရာရခဲ့သည့် လက်စ်ဗီးဂတ်စ်က ဂီတပွဲကို ပစ်ခတ်သူ၏ နောက်ကွယ်က စေ့ဆော်ချက်အား ဖော်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံထောက်လှမ်းစုံစမ်းလျက်ရှိသည်။

အောက်တိုဘာ ၁ ရက် ညနေပိုင်းက လဟာပြင်ဂီတရှိုးပွဲကို အနီးရှိ မန္တလေးဘေးဟိုတယ်၏ ၃၂ ထပ်မှ နေပြီး အသက် ၆၄ နှစ်အရွယ် စတီဗင်ပတ်ဒေါ့က သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း ဟိုတယ်ခန်းထဲ သေနတ် ၂၃ လက်ကို ရဲက တွေ့ရှိသည့်အပြင် နီဗားဒါးရှိ ၎င်းနေအိမ်ကို ရှာဖွေရာတွငလည်း လက်နတ် ၁၉ လက်နှင့် ဖောက်ခွဲရေးပစ္စည်းများကိုပါ တွေ့ရှိသည်။

သို့သော်  ၎င်းစတီဗင်ပတ်ဒေါ့က အမေရိကန်သမိုင်းတွင် အဆိုးဝါးဆုံးပစ်ခတ်မှုတစ်ရပ်အဖြစ် ယခုကဲ့သို့ လူအမြောက်အမြားအား သေနတ်ဖြင့် မည်သည့်အတွက်ကြောင့် ပစ်ခတ်ရခြင်းကို မသိရှိရသေးပေ။

အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားသော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများက နိုင်ငံတကာအကြမ်းဖက်မှုနှင့် ချိတ်ဆက်မှုကွင်းဆက်မတွေ့ရှိကြောင်း ပြောသည်။

တစ်ချို့သော စုံစမ်းရေးများက စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်မည် ကောက်ချက်ချသော်လည်း ယင်းအချက်အတွက် သက်သေခိုင်မာလည်း မရှိပေ။

ပစ်ခတ်သူ စတီဗင်ပတ်ဒေါ့သည် ရဲမှတ်တမ်းတွင်လည်း ပါဝင်သူတစ်ဦး မဟုတ်ပေ။

အောက်တိုဘာ ၂ ရက်တွင် အိမ်ဖြူတော်မှ မိန့်ခွန်းပြောရာတွင် သမ္မတ ဒေါ်နယ်ထရမ့်က ပတ်ဒေါ့အား မကောင်းဆိုးဝါးအဖြစ် ပြောဆိုသွားခဲ့သည်။

ပတ်ဒေါ့သည် လက်စ်ဗီးဂတ်စ် အရှေ့မြောက်ပိုင်း Mesquite မြို့ငယ်တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းအား အသေသုတ်သင် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။

လက်စ်ဗီးဂတ်စ် စီရင်စုအရာရှိ ဂျိုးလွန်ဘာဒိုက တစ်ကိုယ်တော်တိုက်ခိုက်သူ lone wolf အဖြစ် ယခုပစ်ခတ်မှုကို ပြောဆိုသည်။

အိုင်အက်စ်အဖွဲ့က ပတ်ဒေါ့သည် ကုန်လွန်ခဲ့သည့် လအနည်းငယ်က အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သူဖြစ်ကာ တိုက်ခိုက်မှုနောက်ကွယ်တွင် ၎င်းတို့ ရှိနေကြောင်း အတည်ပြု ကြေညာလာသည်။

သို့သော်လည်း အိုင်အက်စ်အဖွဲ့အနေဖြင့် ၎င်းတို့၏ အတည်ပြုချက်အတွက် သက်သေအထောက်အထား ပေးနိုင်ခြင်းတော့ မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly