ပြန်စမည့် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရက ကျပ်ဘီလီယံပေါင်း ၂၅၀၀ကျော် တောင်းခံမည်

ပြန်စမည့် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရက ကျပ်ဘီလီယံပေါင်း ၂၅၀၀ကျော် တောင်းခံမည်
၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂ရက်တွင် ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး(ဓာတ်ပုံ- သမ္မတရုံး)

နေပြည်တော်(အောက်တိုဘာ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယခုလ တတိယပတ်အတွင်း ပြန်လည်စတင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစိုးရက ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ်ဘီလီယံပေါင်း ၂၅၄၄ဒဿမ ၇၃၇ ဘီလီယံ (၁ဘီလီယံ = ကျပ်သန်း ၁၀၀၀) တင်ပြတောင်းခံမည်ဖြစ်သည်။

အဆိုပါ ကျပ်ဘီလီယံပေါင်း ၂၅၄၄ဒသမ ၇၃၇သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်၊ ကြွေးမြီအသုံးစရိတ်နှင့် လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် တောင်းခံမည့် ငွေကြေး ပမာဏ ဖြစ်သည်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် အကြောင်းအရာနှင့် လုပ်ငန်းအမျိုးအစား များမှာ လစာ၊ စရိတ်ချီးမြှင့်ငွေ၊ ပင်စင်၊ အတိုးပေးငွေ၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ ထပ်မံရရှိသည့် ပြည်ပအကူအညီရငွေ၊ ချေးငွေရယူခြင်းအတွက် တောင်းခံခြင်း၊ အခြားမဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း ကွာခြားမှုအရ တောင်းခံငွေတို့ ဖြစ်ပါကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ပြောသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ တက်ရောက်ကြသည်။

“ဖြည့်စွက်ခွင့်ပြုငွေများတောင်းခံကြရာတွင် မူလခန့်မှန်းခြေမှာ တစ်နှစ်စာခွင့်ပြု ခွဲဝေထား ပြီးဖြစ်သည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရန်မရှိလေ ကောင်းလေ ဖြစ်ပါကြောင်း၊ စီမံကိန်းအပြီးသတ်နိုင်ရန်ဖြစ်စေ၊ လုံခြုံရေးရှုထောင့်အရ အရေးကြီး၍ဖြစ်စေ၊ နိုင်ငံတော်၏ရငွေ ထပ်မံတိုးတက်စေရန်အတွက်ဖြစ်စေ၊ အသုံးစရိတ်ထပ်မံလိုအပ်သည့် အခါမှသာ တောင်းခံသင့်ပါကြောင်း၊ မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေတို့မှာ များစွာ မကွာသင့်သည်ကိုလည်း ဂရုပြုရန်လိုအပ်ပါကြောင်း။” သမ္မတ ဦးထင်ကျော်က အစည်းအဝေးတွင် နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာတွင် သာမန်အသုံးစရိတ် ငွေကျပ် ၁၀၄၁ ဒသမ ၆၇၇ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၇၄၇ ဒသမ ၇၂၅ ဘီလီယံ၊ ကြွေးမြီအသုံးစရိတ် ငွေကျပ် ၂၀၂ ဒသမ ၉၉၃ ဘီလီယံနှင့် လုပ်ငန်းသုံးရင်းနှီးငွေ ငွေကျပ် ၅၅၂ ဒသမ ၃၄၂ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၂၅၄၄ ဒသမ ၇၃၇ ဘီလီယံ ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly