ဘူးပင်စိုက်ပျိုးခြင်း

02 October 2017
ဘူးပင်စိုက်ပျိုးခြင်း

ဘူးပင်ရဲ့ မူရင်းဒေသကတော့ အိန္ဒိယနဲ့ အာဖရိကတိုက်ကပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှုတ် နဲ့ ဘူးကျားဆိုပြီး ၆ မျိုးရှိပါတယ်။

ဘူးပင်ကတော့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ကြိူက်နှစ်သက်ပြီး အအေးဒဏ်ကိုလဲ ခံနိုင်ပါတယ်။ ဘူးကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် မြေသြဇာထက်သန်တဲ့   နုန်းမြေတွေမှာဆိုရင်တော့ ကောင်းစွာ ဖြစ်ထွန်းပါတယ်။

ဘူးကို ထယ်ထိုးထွန်မွှေပြီး လယ်ယာသီးနှံလို စိုက်ပျိုးနိုင်ပေမယ့် စင်တင်ဥယျာဉ်ခြံစိုက်ပျိုးရေးစနစ်က အသီးနှုန်းကိုပိုမိုကောင်းစေမှာ ဖြစ်ပါတယ်။

ဘူးပင်ကိုတော့ တိုက်ရိုက်အစေ့ ချစိုက်ပျိုးနိုင်သလို အပင်ပေါက်ကိုပျိုးပြီးမှလဲ စိုက်ပျိုးနိုင်ပါတယ်။ ပျိုးခင်းမှာ ဘူးပင်ပေါက်လေးများ ပုံမှန်အရွက် ၃ရွက် ၄ရွက် ထွက်လာပြီဆိုရင်တော့ စိုက်ခင်းကို ပြောင်းရွေ့ စိုက်ပျိုးနိုင်မှာပဲ ဖြစ်ပါတယ်။

ဘူးပင်စိုက်ဘောင်များကိုတော့ တစ်ဘောင်နဲ့ တစ်ဘောင်ကို ၁၀ ပေ သို့မဟုတ် ၁၅ပေခြားပြီး ဘောင်အကျယ်ကတော့ ၆ပေရှိရမှာ ဖြစ်ပါတယ်။

ဘောင်တွေကတော့ အမြင့် ၈လက်မနဲ့ အနက် ၈လက်မခန့် ရှိရမှာဖြစ်ပါတယ်။ ဘောင်ထဲကိုနွားချေး၊ မြေဆွေး၊ သဲ၊ မြေသြဇာ စတာတွေထည့်ပြီး သမအောင်ရေစပ်ပြီး ထည့်ပေးရမှာဖြစ်ပါတယ်။

၁ဧက ကိုနွားချေး ၁၀စီးမှ အစီး၂၀၊ အမိုနီယမ်ဆာလဖိတ်ပေါင် ၁၀၀ တီဆူပါပေါင် ၂၅၀၊ ပိုတက်ပေါင် ၈၀ ခန့်ထည့် ပေးရမှာပဲဖြစ်ပါတယ်။

အပင်များကိုတော့ တပင်နဲ့တပင် ၃ ပေမှ၆ပေအထိ ခွာပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ ဘောင်များပေါ်မှာ စင်ထိုးထားပေးရမှာဖြစ်ပြီး အပင်ငယ်လေးများ နှာမောင်းထွက်လာရင်တော့ ဝါးကပ်လေးများထောင်ပေးပြီး စင်ပေါ်ကိုတင်ပေးရမှာပဲ ဖြစ်ပါတယ်။

စင်ပေါ်ကိုရောက်ရှိပြီး ၃ပေ ၄ပေခန့်ရှည်လာပြီဆိုရင်တော့ ခေါင်နိုမ်ပေးခြင်းဖြင့် အတက်များစွာ ထွက်လာစေမှာပဲ ဖြစ်ပါတယ်။ စိုက်ပြီး၃လကြာရင်တော့ အသီးများကို ခူးဆွတ်နိုင်မှာလဲဖြစ်ပါတယ်။

စိုက်စနစ်ကောင်းမွန်ရင်တော့ တစ်ပင်ကိုအလုံး ၃၀ မှ ၅၀ အထိခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။ အသီးများကို အလောတော် ရင့်တဲ့အချိန်မှာ ခူးဆွတ်ခြင်းက အသီနူန်းကို တိုးပွားစေမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly