ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ဒုတိယပိုင်း)

ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ဒုတိယပိုင်း)

သြဂုတ်လ ၁၃ရက်က ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအရေးပေါ် အစည်းအဝေး အပြီးမှာ ပါတီ၏ ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်း ရာထူးကနေ ရပ်နားကာ ပါတီလုပ်ငန်းများကို ပိုမို ဖိဖိစီးစီး လုပ်ဆောင်နိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ဒု-ဥက္ကဋ္ဌ ဦးဌေးဦးကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို နေအိမ်အကျယ်ချုပ်ချထားကြောင်း၊ ခေတ္တထိန်းသိမ်းကြောင်း စသဖြင့် ကောလဟလ သတင်းစကားများလည်း ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ပါတီ၏ မူဝါဒ၊ အာဘော်များကို အဓိက ရေးသားထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာလည်း ရပ်နားလိုက်ရပြီး ဦးရွှေမန်း၏ မိသားစုပိုင် ချယ်ရီ အက်ဖန် ရေဒီယိုမှာလည်း ဂြိုလ်တု စင်ဂနယ်မရဘဲ ထုတ်လွှင့်မှုများ ရပ်ဆိုင်းလိုက်ရသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးတိုးနိုင်မန်းကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းထားချက် ဒုတိယပိုင်း (နောက်ဆုံးပိုင်း) ကိုကောက်နုတ်ဖော်ပြလိုက် သည်။

မေး    -     အဲဒါဆို ပါတီအနေနဲ့ ဥက္ကဋ္ဌကို ဖယ်ရှားခဲ့တဲ့ နေရာမှာ သူ့ (ပရိုစီဂျာ) အစီအစဉ်တိုင်း မသွားဘူးလို့ ကိုတိုးနိုင်မန်းဆိုလိုချင်တာလား။

ဖြေ    -     (ပရိုစီဂျာ) အတိုင်း မသွားဘူး၊ သွားတယ် ဆိုတာထက် အချို့ဟာတွေကတော့ ညဘက် အစည်းအဝေး လုပ်တာတို့ လုံခြုံရေးအဖွဲ့အစည်းတွေသုံးတာတို့ ဆိုတာကတော့ ကြည့်ရတာ မသင့်တော်ဘူးပေါ့နော်။ ပရိုစီဂျာအတိုင်း ဟုတ်မဟုတ် ဆိုတာကတော့ အဲဒီ (လူတွေပဲ) သိပါလိမ့်မယ်။ ကျွန်တော်ဖြေလို့ မကောင်းပါဘူး။ USDP ပါတီတွင်း ဖြစ်တဲ့အတွက် ကျွန်တော့်ပါတီရဲ့ အကြီးအကဲ၊ အကြီးအမှူးခေါင်းဆောင်တွေ ဖြစ်တဲ့ (CEC) က လူတွေရဲ့လုပ်ဆောင်မှုကို ကျွန်တော့်အနေနဲ့ဝေဖန်ရန် မသင့်ပါဘူး။

မေး    -    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူဘာပြောမယ် ထင်လဲ။

ဖြေ    -    ဘာပြောမလဲဆိုရင်တော့ သူပြောမယ့်စကားကို ခန့်မှန်းကြည့်တာကတော့ အဲ့လိုမြင်ရင် မြင်တဲ့ အတိုင်းပဲပေါ့လို့ ပြောပါလိမ့်မယ်။ အဲ့လိုကြားရင် ကြားတဲ့အတိုင်းပေါ့လို့ ပြောပါလိမ့်မယ်။ သူ့အနေနဲ့ ဒီဟာက reasonable လား၊ unreasonable လား ဆိုတဲ့ ကိစ္စကိုတော့ လတ်တလောတော့ ပြောလိမ့်မယ်လို့ မယူဆပါဘူး။ တပ်မတော်ခေတ် မှာလည်း တပ်မတော်ရဲ့ထိပ်သီးအဖွဲ့မှာလည်း ပါခဲ့တယ်။ နယကခေတ်မှာလည်း နယကကောင်စီရဲ့ အဖွဲ့ဝင်၊ ဒီနေ့ လွှတ်တော်မှာလည်း လွှတ်တော်ရဲ့ ဦးဆောင်သူ။ နောက် .. ပါတီရဲ့အဖွဲဝင်ဖြစ်တဲ့အတွက် ပါတီနဲ့အဖွဲ့စည်း ထိခိုက်သွားစေမယ့် ကိစ္စမျိုးကိုတော့ သူဘယ်တော့မှပြောမယ်လို့ မယူဆပါဘူး။

မေး    -    လာမည့် ၁၈ ရက်မှာ လွှတ်တော်က ပြန်ခေါ်ထားတယ်ဆိုတော့ လွှတ်တော်ဆက်လုပ်ဖြစ်မယ်လို့ ဦးတိုးနိုင်မန်း ယူဆထားသလားခင်ဗျ။

ဖြေ    -    ယူဆတာမဟုတ်ပါဘူးဗျ။ ဆက်လုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူနိုင်ငံရေးပါတီတစ်ခုရဲ့ အကြီးကဲ ကနေပြီးတော့ အနားယူရတဲ့အဆင့်ပဲရှိတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါထားတဲ့ အဓိကသုံးချက်ပေါ့။ နံပါတ်တစ်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Individual right လူတစ်ဦးစီရဲ့ အခွင့်ရေးရှိပါတယ်။ နံပါတ်နှစ်ဖြစ်တဲ့ citizen right နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးရှိပါတယ်။

နံပါတ်သုံးဖြစ်တဲ့ Administrative right အုပ်ချုပ်စီမံခန့်ခွဲမှုရဲ့ အခွင့်အရေး ရှိပါတယ်။ အဲဒီအခွင့်ရေးတွေကို ဖော်ဆောင်ဖို့အတွက်ကို ကျွန်တော်တို့ Three Pillars နဲ့သွားတဲ့အခါမှာ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်း၊ တရားစီရင်ရေးအပိုင်း၊ အပိုင်းသုံးပိုင်းနဲ့ ထပ်ပြီးတော့ ဝန်းရံလိုက်ပါတယ်။ အဲဒီလို ဝန်းရံတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ယနေ့ထိ အသက်ဝင်ဆဲ၊ ကျန်တဲ့ ဥပဒေသည် အသက်ဝင် ဆဲဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ရော၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ရော ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းတဲ့နေရာမှာ သွေဖယ်သွားခြင်းအတွက် သူတို့ မလုပ်လိုကြ ပါဘူး။ လုပ်လည်း လုပ်မယ်လို့ မယူဆပါဘူး။

အဲဒီအတွက် မဏ္ဍိုင် အချင်းချင်းရဲ့ Area Delineation လို့ခေါ်တဲ့ နေရာပိုင်းခြားသတ်မှတ်ချက်အရ သူတို့ရဲ့ စက်ဝိုင်းထဲမှာ မရှိတဲ့ ကိစ္စကို သူတို့အနေနဲ့ ဝင်ရောက်ပြီးတော့မှ intervene လုပ်မယ်လို့ မယူဆပါဘူး။ အကယ်၍များ intervene ဒီလိုမျိုး လုပ်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့ ရှေ့ဆက်သွယ်မယ့် လမ်းကြောင်းက နိုင်ငံတကာမှာ မျက်နှာပြလို့ မကောင်းတာဖြစ်တဲ့အတွက် အဲလောက်ထိ မလုပ်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေကို  အခွင့်အာဏာအရ၊ ဥပဒေအရ ဆက်လုပ်ပါလိမ့်မယ်။ ဆက်လုပ်လို့ မရဘူးဆိုရင်တော့ ဒါကတော့ တစ်မျိုးပေါ့။ ဆက်လုပ်လို့ မရစရာ အကြောင်းမရှိဘူးလို့တော့ ယူဆပါတယ်။

မေး    -    ယူဆချက်တစ်ချက်က ဒီလိုမျိုး သူရဦးရွှေမန်းကို ဥက္ကဋ္ဌနေရာကနေ ဖယ်လိုက်ခြင်းအားဖြင့် အစက အစိုးရနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကွာဟနေမှုကို ရွေးကောက်ပွဲမှာ ဒီထက်ပိုအားကောင်းအောင်ဖြစ် သွားစေဖို့ လုပ်တယ်လို့ ယူဆတယ်လေ။ အဲဒါကိုလည်း ကြေညာချက်ထဲမှာ အထိုက်အလျောက် ဖော်ပြထားတယ်ဆိုတော့ အဲဒါကိုရော ဘယ်လိုသဘောရလဲ။

ဖြေ    -    အဲဒါကတော့ အကုန်လုံးကတော့ Perception အနေနဲ့ပဲ ပြောကြတာပေါ့ဗျာ။ Perception အနေနဲ့ တင်ပြတဲ့အခါကြတော့ တကယ်တန်း သိသိသာသာဖြစ်ဖို့ ဆိုရင်တော့ not audible အဲ့ဒီတော့ ရှင်းရှင်းလေးပါ။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ အောင်လံကို လက်ဆင့်ကမ်းပြီးတော့ နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့တိုးတက်ရေးအတွက်ကို နိုင်ငံရေးအရဆောင်ရွက်ဖို့ ပြင်ဆင်ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်လို့ သူတို့သည်လည်း နိုင်ငံရေးအရဆောင်ရွက်ရမယ့်ဟာတွေမှာ ကျွန်တော့် ယူဆချက်ပေါ့။ နယက အဖွဲ့မှာ ပုဂ္ဂိုလ်ကြီး ၆ ဦးပါခဲ့ပါတယ်။ ဝန်ကြီးအဖွဲ့ပါခဲ့ပါတယ်။

သူ့ခေတ်သူ့အခြေအနေအရ ဦးဆောင်အဖွဲ့အောက်မှာ ဝန်ကြီးအဖွဲ့ရှိပါတယ်။ အစိုးရပေါ့ဗျာ၊ အဲဒီ အစိုးရအဖွဲ့ဝင်တွေကပဲ ပြည်ခိုင်ဖြိုးပါတီကို ထူထောင်ခဲ့ကြတယ်။ အနေအထားအရ ပါတီရဲ့ အပေါ်မှာရှိပါတယ်။ ဒီဖက်ခေတ်ရောက်တော့ နိုင်ငံရေးပုံစံ ပြောင်းသွားတယ်။ ပါတီရဲ့ရပ်တည်ရမှု၊ လွှတ်တော်ရဲ့ ရပ်တည်ရမှု၊ အစိုးရတစ်ရပ်ရဲ့ ရင်ဆိုင်လုပ်ကိုင်ရမှုတွေဟာ ကိုင်တွယ်ဆောင်ရွက် ရသူတွေတိုင်းမှာ အခက်အခဲဖြစ်ခဲ့တာချည်းပဲ။

ကျွန်တော်တို့နိုင်ငံရဲ့ အတိတ်ကာလ တော်တော်များများကို ပြန်ကြည့်ရင် စံပုံစံစနစ်ချထားသော အဖွဲ့အစည်း Institution တွေရှိသင့်သလောက်ရှိခဲ့ပေမယ့် သက်ဝင်လှုပ်ရှားမှုတိုင်းဟာ တစ်ကနေပဲစရ တယ်။ အမိန့်ပေါ့ဗျာ။ နောက်တစ်ခုက စိုးရိမ်စိတ်ပေါ့။ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ စိုးရိမ်စိတ်နဲ့ပဲ အရာရာကို ဖြတ်ကျော်ရပါတယ်။ လူတစ်ဦးရဲ့ လုံခြုံရေး၊ လူမှုဘဝလုံခြုံရေး၊ လူမှုစီးပွား လုံခြုံရေးတွေကစလို့ လုံခြုံမှုဆိုင်ရာ ကိစ္စတွေကို ရရှိဖို့ရာ ကိုယ့်လက်ထဲမှာ အာဏာရှိမှ ဆိုတာတွေဟာ ဖြစ်ပေါ်လာခဲ့တယ်လို့ ထင်ပါတယ်။ Insecure ဖြစ်နေကြတယ်ပေါ့။

နောက် .. အလေ့အထနဲ့ အလေ့စရိုက်ပေါ့ဗျာ။ ဟိုအရင် မဆလခေတ်လိုပဲ အနိုင်ရပါတီအနေနဲ့ လုပ်ဖို့ခွင့်တွေရယူပြီး အုပ်ချုပ်မှုအဖွဲ့တွေအားလုံးကို လွှမ်းမိုးရတယ်လို့ ထင်တာတွေလည်း ရှိကြပါလိမ့်မယ်။
အာဏာလွှဲ (အသွင်ပြောင်း) က စမှာပဲ အင်အားစုကြီး (၄) စု အဖြစ် ခွဲထွက်ကြပါတယ်။ ၁။ အစိုးရ ၂။ လွှတ်တော် ၃။ ပါတီ ၄။ တပ်မတော် ပေါ့ဗျာ ဆိုတော့ ရည်ရွယ်ရင်းကတော့ နိုင်ငံအတွက် ရပ်တည် ရုန်းကန်မှုအရရော၊ လုပ်ငန်းအရ၊ တာဝန်အရ မတူတော့ပါဘူး။ Unity ဆိုတဲ့ စကားရပ်ဟာ စည်းလုံးခြင်းလို့ပဲ အဓိပါ္ပယ်သက်ရောက်ပါမယ်။ Uniform မဖြစ်ပါဘူး။ Uniformity တွေတော့ ရှိနေကြ မှာပေါ့။နောက်လုပ်ငန်းအရ တာဝန်အရ Concern ဖြစ်တာ လုပ်ရတာ ပြောရတာ မတူပါဘူး။ ကျွန်တော်တို့လို တစ်စုထဲ၊ တစ်ဖွဲ့ထဲက လာကြသူတွေအတွက်တော့ နဲနဲခက်ခဲပါတယ်။

မတူညီတဲ့ လုပ်ငန်းတွေ၊ တာဝန်တွေကို ထမ်းဆောင်ပြီး နိုင်ငံအတွက်၊ မိမိအဖွဲ့အတွက်၊ ဝန်းကျင်အတွက် လုပ်ကြရာမှာ Group Think တွေအရ အချို့အချို့သော ကိစ္စတွေမှာ ရေငုံနေကြတဲ့ သဘောတွေ ရှိပါတယ်။ တာဝန်မတူကြပဲ ရှေ့ဆက်ကြရာမှာ သည်းခံနိုင်စိတ်တွေ ဘယ်လောက်ရှိသလဲ။ ညှိနှိုင်းလိုစိတ်တွေ ဘယ်လောက်ရှိသလဲ။ မဟာဗျူဟာအမြင် ဘယ်လောက်ရှိသလဲ ဆိုတာကို အများကပဲ ဆုံးဖြတ်သွားကြပါမယ်။ Constrains တွေများလွန်းတော့ အချိန်ယူပြီး သုံးသပ်ရမယ့် သဘောတော့ ရှိပါတယ်။

ကျွန်တော့်အမြင်အရတော့ ကွဲကွာကြတယ်၊ မတည့်ကြဘူးလို့ မမြင်ပါဘူး။ ကြိုးစားရုန်းကန်ရင်းပဲ ရပ်တည်ကြတယ်လို့ မြင်ပါတယ်။ အခွင့်အာဏာကို စွဲကိုင်ကျင့်သုံးခြင်းလား၊ အခွင့်အာဏာအရ serving လုပ်ခြင်းလားဆိုတာကို အများကပဲ ပေတံတိုင်းပါလိမ့်မယ်။

အဲဒီတော့ အကို့အမေးကို ချုပ်ပြီးဖြေရရင် လူတွေ၊ လူတွေနဲ့ ဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေ၊ အများအတွက်  အလုပ်လုပ်ကြရာမှာ ရရှိ၊ ရောက်ရှိတဲ့ Vantage Point ၊ Vantage View ၊ emotion ၊  Justification တွေအရပဲ လုပ်ကြမှာပါပဲ။ ပါတီနဲ့ အစိုးရ နီးကပ်ရေး၊ တပ်မတော် နီးကပ်ရေးဆိုတဲ့ အကြောင်းပြချက်လို့ ဆိုနိုင်သလား။ ကျနော်တော့ မသိပါဘူး၊ နောက်ကြောင်း မပြန်ရေးနဲ့နောက်ကြောင်း မလှန်ရေးဆိုတဲ့ Hypothesis အတွက် လုပ်ဖို့ရာ Methodology တွေထဲက တစ်ချက်ဖြစ်တဲ့ Reconciliation  အတွက် လုပ်ရတဲ့အထဲမှာ ပြိုင်ဘက် (ရန်သူလိုသတ်မှတ်သူတွေ) နဲ့ စကားပြောဖို့ရာမှာ ရိုးသားမှုနဲ့ အမှန်တရားကို အခြေခံပြီး ပြောဆိုဆွေးနွေးကြရမှာပါ။ ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်သူတွေက လိုလို့လုပ်ကြတယ်ဆိုတော့လဲ ဒီအတိုင်းပဲ လိုက်နာကြတာပေါ့ဗျာ။

ခုနကပြောသလို အစိုးရနဲ့ကြံ့ခိုင်ရေးပါတီ ဝေးကွာတယ်၊ မဝေးကွာဘူးဆိုတာက သူတို့ရဲ့အမြင်၊ သူတို့ရဲ့ဆုံးဖြတ်ချက်၊ သူတို့ရဲ့လုပ်ရပ်တွေနဲ့ဘဲ သက်ဆိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေးကွာခြင်းတို့ မဝေကွာခြင်းတို့ကိစ္စ သိပ်ပြီး စိတ်မဝင်စားပါဘူး။

ပြီးပါပြီ။

ဦးတိုးနိုင်မန်း နှင့် မေးမြန်းခြင်း (ပထမပိုင်း) - http://mizzimaburmese.com/article/3240

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required