ရခိုင်မြောက်ပိုင်းတွင် တပ်မတော်သား ၂ ဦးနှင့်အတူ ကာလတန်ဖိုး ကျပ်သိန်း ၄ သောင်းနီးပါးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းမိ

ရခိုင်မြောက်ပိုင်းတွင် တပ်မတော်သား ၂ ဦးနှင့်အတူ ကာလတန်ဖိုး ကျပ်သိန်း ၄ သောင်းနီးပါးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၂ ရက်။         ။ ရခိုင်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား ၂ ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း ၄ သောင်းနီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု မောင်တောမြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုပြောသည်။

“ ဖမ်းမိခဲ့တာ ဟုတ်ပါတယ်။ မြို့အဝင်မှာပါ။ သယ်ဆောင်လာတဲ့ ထောက်ပို့ တပ်သား ၂ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။” ဟု မောင်တောမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ကျော်မြဝင်းက ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်က ဘူးသီးတောင်မြို့ အမှတ် ၈၂၈ ထောက်ပို့တပ်မှ တပ်သား ၂ ဦး စီးနင်းလိုက်ပါလာသည့် စစ်စိမ်းရောင်ယာဉ်ပေါ်တွင် စိတ်ကြွမူးယစ်ဆေးဝါး WY နှင့် R အမျိုးစား စုစုပေါင်း (၁၈၈၁၇၅၀)၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၃၇၆၃၅ အား မောင်တောမြို့အဝင်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စိတ်ကြွဆေးများ သယ်ဆောင်လာသည့် တပ်မတော်သား ၂ ဦးအား လက်ရှိအချိန်တွင် မောင်တောမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်း ရဲမှူးကျော်မြဝင်းက ပြောသည်။

မောင်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ မူးယစ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ပင်မဒေသတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပြီး မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိလျှက် ရှိသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် မောင်တောမြို့နယ် နယ်ခြားစောင့်တပ်အပိုင် ရဲကင်းစခန်းမှ စိတ်ကြွဆေးပြား ၃ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့သလို ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့ကလည်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉ ထောင်နီးပါးရှိ စိတ်ကြွဆေးများအား ခမရ (၅၆၄) မှ ဗိုလ်မှူး ရဲဇေယျာနှင့် တပ်သားသိန်းနိုင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပြင်းထန်စွာ ကြုံတွေ့နေရပြီး အဆိုပါ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့်ပါ ပတ်သက်နေကြောင်း သြဂုတ် ၂၅ တိုက်ခိုက်မှုများအလွန် ရခိုင်ပြည်နယ် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။

မူးယစ်ဆေးဝါးများ ရခိုင်မြောက်ပိုင်းတွင် တရားမဝင် ကုန်သွယ်မှု မြင့်မားနေမှုများအား ထိန်းချူပ်နိုင်ရန် ရခိုင်ဒေသ တပ်ဖွဲ့ဝင်များ မပါဝင်သော နေပြည်တော် အထူးစစ်ဆင်ရေးအဖွဲ့၏ “ မေယုစစ်ဆင်ရေး” တစ်ရပ်အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly