အချက် ၅ဝ ခန့် ရိုက်နှက်ဆုံးမခဲ့သော ဆရာအား ကျောင်းသားမိဘများက ကျေအေး၊ အမှုတွဲအား တိုင်းပညာရေးမှူးသို့ ပို့မည်

အချက် ၅ဝ ခန့် ရိုက်နှက်ဆုံးမခဲ့သော ဆရာအား ကျောင်းသားမိဘများက ကျေအေး၊ အမှုတွဲအား တိုင်းပညာရေးမှူးသို့ ပို့မည်
ဓာတ်ပုံ - ဦးကြည်စိုး

ရန်ကုန်၊ အောက်တိုဘာလ ၂ ။            ။ ၅ တန်းကျောင်းသားနှစ်ဦးကို သစ်သားချောင်းဖြင့် အချက် ၅ဝ ခန့်စီ ရိုက်နှက်ဆုံးမခဲ့သော ဆရာ၏ အမှုတွဲအား တိုင်းပညာရေးမှူးထံသို့ ပို့ဆောင်မည်ဖြစ်သော်လည်း ကျောင်းသားမိဘများက  အမှုမဖွင့်ဘဲ ကျေအေးပေးခဲ့ကြောင်း သိရသည်။

“ စစ်ဆေးချက်ကို ကျွန်တော်တို့က မြို့နယ်အဆင့်နဲ့ ဆုံးဖြတ်ချက်ချလို့မရဘူး။ ဒီစစ်ဆေးချက်ကို တိုင်းကိုပို့ ရမှာပေါ့။ ဒီနေ့ပို့မှာ။ စစ်ဆေးချက်အရ ၆ တန်း၊ ၇ တန်းတွေ စာမေးပွဲစစ်နေတဲ့အချိန်မှာ ၅ တန်းကို စာကြည့်ခိုင်းထားတာပေါ့။ စာကြည့်ခိုင်းထားတဲ့ချိန် အဲ့ဒီ ၅ တန်းကျောင်းသားနှစ်ယောက်က ရန်ဖြစ်ကြတာ။ သူတို့ အချင်းချင်းရန်ဖြစ်နေတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ရဲ့ အစ်ကိုက ဝင်ကူတယ်လို့ပြောတယ်။ အဲ့မှာ ဆရာလည်း မလုပ်ဖို့တားတာပေါ့နော်။ တားတဲ့အချိန်မှာ မနာခံကြဘူး။ မနာခံတော့ ဆရာက ဖျန်ဖြေတဲ့အနေနဲ့ နှစ်ယောက်စလုံးကို ရိုက်တာပါ”ဟု ကသာမြို့နယ်၊ ဒုတိယပညာရေးမှူး ဦးအောင်ဌေးက ပြောသည်။

ကသာမြို့နယ်ပညာရေးမှူး ဦးဆောင်သောအဖွဲ့မှ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် မူလတန်းပြဆရာ ဦးစိုးဇော်အား သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိခဲ့သည့် အချက်အလက်များကို အမှုတွဲပုံစံဖြင့် စစ်ကိုင်းတိုင်းဒေသကြီးပညာရေးမှူးထံသို့ ယနေ့ အောက်တိုဘာလ ၂ ရက်တွင် ပေးပို့ခဲ့သည်။

အလယ်တန်းပြဆရာ ဦးစိုးဇော်အား ကျောင်းသားနှစ်ဦး၏ မိဘများအား ပြန်လည်တောင်းပန်စေခဲ့ရာ မိဘများက အမှုဖွင့်ခြင်းမရှိဘဲ ကျေအေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ “အစကတော့ ဝါးခြမ်းပြားနဲ့ ရိုက်တာ။ ဝါးခြမ်းပြားကျိုးသွားတဲ့ အခါကျတော့ တွေ့ရာတုတ်နဲ့ ကောက်ရိုက်တာပေါ့။ အဲ့ဒီမှာ ပျဉ်းပြားနဲ့ ဆက်ရိုက်ဖြစ်သွားတာပေါ့။  ဆရာကလည်း ကလေးတွေကို ရိုက်တဲ့ချိန်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ စိတ်ကိုမထိန်းနိုင်ဘဲနဲ့ သူ့ကိုယ်သူ ဘာလုပ်လို့ လုပ်မှန်းမသိဖြစ် သွားတယ်လို့ သိရတယ်”ဟု သွားရောက်စစ်ဆေးခဲ့သည့်အခြေအနေအား ဒုတိယပညာရေးမှူး ဦးအောင်ဌေးက ရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ငါးလူးတုန်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းမှ ၅ တန်းကျောင်းသားနှစ်ဦးကို သစ်သားချောင်းဖြင့် အချက် ၅ဝ ခန့်စီ ရိုက်နှက်ဆုံးမခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ရက်စွဲဖြင့်  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ညွှန်ကြား ထားသည့် အချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေပျက်ပြား စေမည့် အပြုအမူများမပြုလုပ်ရန်၊ မည်သည့်တုတ်ဖြင့် လည်းကောင်း၊ လက်ဖြင့် လည်းကောင်း၊ အခြားတစ်စုံ တစ်ရာဖြင့်လည်းကောင်း ရိုက်နှက်ဆုံးမခြင်းမပြုရန် စသည့်အချက်များကိုလည်း အခြေခံပညာကျောင်းများသို့ ကသာမြို့နယ်ပညာရေးမှူးရုံးမှ အသီးသီးညွှန်ကြားစာများ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly