ARSA အဖွဲ့မှ တကျော့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိဟု သတင်းများထွက်ပေါ်

ARSA အဖွဲ့မှ တကျော့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိဟု သတင်းများထွက်ပေါ်

ရန်ကုန် ၊ အောက်တိုဘာ ၂ ။            ။ မောင်တောဒေသ၌ တကျော့ပြန် တိုက်ခိုက်မှုများကို ARSA အဖွဲ့အနေဖြင့် ပြန်လည် ပြုလုပ်လာနိုင်ဖွယ်များ ရှိနေပြီး ဘင်္ဂါလီများကို အောက်တိုဘာ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဘူးသီးတောင် မောင်တော ဒေသမှ အမြန်ဆုံး ထွက်ခွာသွား ရန် ARSA အဖွဲ့မှ ပြောဆိုနေမှုများရှိနေကြောင်းသတင်းများ ထွက်ပေါ်နေခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်း ခဲ့ရာ"သက်ဆိုင်ရာ လုံခြုံရေးအဖဲ့ွအစည်းတွေလုပ်နေပါတယ်" ဟု အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေဆိုခဲ့သည်။

သို့သော်လည်း ARSA အဖွ့ဲ၏ သတင်းနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေ တိုးမြှင့်ထားရန် ရှိမရှိ မေးမြန်းမှုကို သူအနေဖြင့် အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိကြောင်း ၎င်းက ပြန်လည်ဖြေဆိုခဲ့သည်။

မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေက တဆင့် မွတ်ဆလင်တွေကို ရှောင်တိမ်းရန် ပြောဆိုနေမှုများ ရှိနေသည် ဆိုသည့် ကောလဟာလတွေဟာ ဒေသခံများအကြား ပျံ့နှံ့နေခြင်းဖြစ်သည်။

"ARSA အဖွဲ့ဟာ သူတို့ မိသားစုတွေကို ဖယ်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ ရည်ရွယ် သလား၊ ဒါမှမဟုတ် နိုင်ငံရေးထိုးစစ်ပေါ့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတော့ သူတို့ ဘယ်လိုဖြေရှင်းမလဲ ၊ အန္တရာယ်ကင်းဇုံတစ်ခုသတ်မှတ်ပေးဖို့ကို UN နဲ့ နိုင်ငံတကာကနေတဆင့် ထိုးစစ်ဆင်မလား ဆိုတဲ့ နှစ်ချက်တော့ ရှိတယ်"ဟု တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် လုံခြုံရေးရဲတပ်ဖွဲ့ စခန်း အခု ၃၀ ကို ARSA အဖွဲ့မှာ တပြိုင်နက်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ARSA အဖွဲ့အား အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

ယင်းနောက် ARSA အဖွဲ့မှာ စက်တင်ဘာ ၉ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် တစ်လတာ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required