တစ်ဖက်သတ်စာချုပ်မဟုတ်ကြောင်း မိုးဟေကို ငြင်းဆို

တစ်ဖက်သတ်စာချုပ်မဟုတ်ကြောင်း မိုးဟေကို ငြင်းဆို

ရန်ကုန်၊အောက်တိုဘာ၂ ။           ။ သဉ္ဖာဝင့်ကျော်ဆိုသည့်အတိုင်း တစ်ဖက်သတ်စာချုပ်မျိုး မဟုတ်ခဲ့ကြောင်း မိုးရုပ်ရှင်ထုတ်လုပ်ရေး၏ ပိုင်ရှင်ဖြစ်သူ မိုးဟေကိုက ပြောသည်။

မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ သဉ္ဖာဝင့်ကျော် ပါဝင်ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတစ်ခုတွင် အဆင်မပြေ ဖြစ်ခဲ့ပြီး စက်တင်လာလ၂၄ရက်၌ သဉ္ဖာဝင့်ကျော်က လူမှုကွန်ရက်မီဒီယာပေါ်တွင် တစ်ဖက်သတ် စာချုပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ယနေ့အောက်တိုဘာ(၂)ရက်နေ့ ရန်ကုန်မြို့ ရုပ်ရှင်အစည်းအရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် မနက် ၉ နာရီကို နှစ်ဘက်လုံးချိန်းဆိုထားခဲ့ကြသည်။

သို့သော် မိုးဟေကိုမှာ မနက် ၁၀ နာရီတွင် ရုပ်ရှင်အစည်းအရုံးသို့ ရောက်ရှိလာခဲ့ပြီး သဉ္ဖာဝင့်ကျော်က မရောက်ရှိသေးသည့်အတွက် ယနေ့ နေ့လည် ၃နာရီသို့ ပြောင်းရွေ့ချိန်းဆိုခဲ့ကြသည်။

"တစ်ဖက်သတ်စာချုပ်ဆိုပြီးသူပြောနေပေမယ့် အစ်မတို့စာချုပ်ဟာ တစ်ဖက်သတ်စာချုပ်မဟုတ်ဘူး နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် သူ့ဖက်ကဒီအချက်အလက်တွေရယ် သူ့ဘက်က ရပိုင်ခွင့်ကုမ္ပဏီနဲ့ လုပ်ရမယ့်စာချုပ်တွေလည်း အားလုံးပါပြီးသား။ ပြောရမယ်ဆိုသူ့ဘက်ကရပိုင်ခွင့်ပေးထားသလို သူ့ဘက်က ဘာလုပ်ရမယ်ဆိုတာရှိတယ် စာချုပ်မှာရေးထားတာပေါ့ ။ လက်မှတ်ထိုးပြီးမှ တစ်ဖက်သတ်စာချုပ်လို့ သူပြောတယ်။ အများကြီးပဲ။ သူပြောတဲ့ အကြောင်းအရာတွေကလေ"ဟု မိုးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် မိုးဟေကို ကပြောသည်။

သဉ္ဇာဝင့်ကျော် ပါဝင်ရိုက်ကူးမည့်ဇာတ်ကားအတွက်လည်း တစ်လကြိုတင်ကာ ဇာတ်ညွှန်း ပေးထားပြီး ဝင်ရောက်ရိုက်ကူးရမည့် ဇာတ်လမ်း Scene ၇ ခု ပါဝင်ကြောင်းလည်း ကြိုတင်ပါရှိထားပြီး ဖြစ်သည်ဟု မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ သိရသည်။

သဉ္ဖာဝင့်ကျော်က အဆိုပါဇာတ်ကားတွင် သရဲနေရာမှ ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ပြီး မျက်နှာတွင် စီလီကွန်မျက်နှာဖုံး တပ်ကာ ရိုက်ကူးရမည်ဖြစ်သည်။ ထိုသို့တပ်ဆင်ရိုက်ကူးရာတွင် အဆင်မပြေဖြစ်ခဲ့ကာ သဉ္ဖာဝင့်ကျော်ဘက်မှ ဆက်လက်ရိုက်ကူးရန် ငြင်းဆို၍ စာချုပ်ကို ဖျက်သိမ်းခဲ့သည်။

ထို့အတွက်လည်း မိုးရုပ်ရှင်ထုတ်လုက်ရေးသို့ သဉ္ဖာဝင့်ကျော်အနေဖြင့် စာချုပ်အရ ရူတင်စရိတ်နှင့် စရံငွေသုံးဆကို ပြန်လည်ပေးလျော်ရမည် ဖြစ်ကာ နှစ်ဦးနှစ်ဖက်ရှင်းလင်းရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly