ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ၏ ဒဏ်ရာမစိုးရိမ်ရ

ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ၏ ဒဏ်ရာမစိုးရိမ်ရ

အောက်တိုဘာ ၁၊ အင်္ဂလန် ။            ။ တိုက်စစ်မှူးမိုရာတာ၏ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ချယ်လ်ဆီးနည်းပြကွန်တီက ပြောဆိုလိုက်သည်။ မိုရာတာသည် မန်စီးတီးနှင့်ပွဲစဉ်တွင် ပွဲချိန် ၃၅ မိနစ်၌ ၎င်း၏ဘယ်ဘက်တံကောက်ကြောကို ကိုင်ကာ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

စပိန်တိုက်စစ်မှူးသည် ချယ်လ်ဆီးအသင်းအတွက် ၈ ပွဲတွင် ၇ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။ ပြီးခဲ့သည့် အက်သလက်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ၁ ဂိုးသွင်းယူပေးခဲ့သည်။

"ကြွက်သားဒဏ်ရာ ပြဿနာပါ။ အရမ်းကြီးဆိုးရွားတယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရာအရမ်း မဆိုးခင်မှာပဲ မိုရာတာက ကစားတာကို ရပ်လိုက်လို့ပါ။ အသင်းဆရာဝန်က သူ့ကိုဆေးစစ်နေပါတယ်။ နိုင်ငံတကာပွဲတွေ ကစားနိုင်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်သုံးပွဲလောက် ဆက်တိုက်ကစားပြီးသွားရင် ဒီလိုခံစားရတာက ပုံမှန်ပါပဲ။ မိုရာတာက ကျွန်တော်တို့အသင်းအတွက် အရေးကြီးတဲ့တိုက်စစ်မှူးဖြစ်လို့ စွန့်စားပြီး အသုံးမပြုချင်ပါဘူး" ဟု ကွန်တီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required