ကက်တလန်ဒေသ လွတ်လပ်ရေးဆန္ဒခံယူပွဲ မဖြစ်မြောက်အောင် မဲရုံများအား စပိန်ရဲများ ပိတ်ဆို့ထား

ကက်တလန်ဒေသ လွတ်လပ်ရေးဆန္ဒခံယူပွဲ မဖြစ်မြောက်အောင် မဲရုံများအား စပိန်ရဲများ ပိတ်ဆို့ထား

ကက်တလန်ဒေသ လွတ်လပ်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို တားဆီးရန်မဲရုံများအဖြစ် ထားရှိထားသည့် စာသင်ကျောင်းပေါင်း ၂၃၁၅ ကျောင်းမှ ၁၃၀၀တွင် စပိန်အမျိုးသားရဲတပ်ဖွဲ့များ ပိတ်ဆို့ချထားကြောင်း အစိုးရက ပြောသည်။

အောက်တိုဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ်သော အဆိုပါ လွတ်လပ်ရေးဆန္ဒခံယူပွဲကို တားဆီးနိုင်ရေး လုပ်ဆောင်နေသည့် စပိန်အာဏာပိုင်များ၏ ရှေ့တိုးလုပ်ဆောင်မှုလည်းပဲ ဖြစ်သည်။

လက်ရှိတွင် ဒေသအစိုးရ၏ ဆက်သွယ်ရေးစင်တာကို ရဲတပ်ဖွဲ့ကသိမ်းပိုက်ထားပြီလည်း ဖြစ်သည်။

စပိန် အရှေ့မြောက်ပိုင်းရှိ ပြည်သူ ၇ ဒဿမ ၅ သန်း နေထိုင်ရာ ချမ်းသာသည့် ဒေသဖြစ်သော ကက်တလန်ဒေသသည် ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုရှိသော လူမျိုးစုဒေသဖြစ်သည်။
ဒေသအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားပြည့်ဝစွာ ရရှိထားခြင်း ဖြစ်သော်လည်း စပိန်ဖွဲ့စည်းပုံအရ သီးခြားနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်မပြုထားပေ။

အောက်တိုဘာ ၁ ရက် မဲပေးရာတွင် ပြည်သူပေါင်း ထောင်သောင်းချီကာ မဲပေးကြမည် မျှော်လင့်ထားသည်။ အဆိုပါ လွတ်လပ်ရေး ဆန္ဒခံယူပွဲအား စပိန်ဖွဲ့စည်းပုံခုံရုံးက တရားမဝင်ကြောင်း   ကြေညာထားသည်။

မဲပေးမှုများအား တားဆီးရန် မက်ဒရစ်ရှိ အစိုးရက ယင်းဒေသသို့ ရဲအင်အား ထောင်ပေါင်းများစွာကို စေလွှတ်ထားသည်။

မဲပေးရာတွင် အသုံးပြုလာနိုင်သည့် အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများတွင် စက်တင်ဘာ ၂၉ ရက် စာသင်ချိန် နောက်ဆုံးချိန် ပြီးသော်လည်း ကျောင်းများအတွင်း ရှိနေဆဲဖြစ်သည့်   ကျောင်းသားနှင့် မိဘများအပါအဝင် အားလုံးကို ရှင်းလင်းထားရန်လည်း ရဲတပ်ဖွဲ့အား အစိုးရက အမိန့်ပေးထားသည်။

ထိုဒေသရှိ ရဲဌာနမှ တာဝန်ရှိသူများကိုလည်း မဲပေးမှုများ မဖြစ်မြောက်ရေး ရှင်းလင်းရေးလုပ်ငန်းစဉ်တွင် အကူအညီပေးရန် ညွှန်ကြားထားသော်လည်း ရှင်းလင်းရေးတွင် အင်အားမသုံးရန် အမိန့်ထုတ်ထားသည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required