ယာဉ်မောင်းများက ခရီးသွားပြည်သူများအား ယဉ်ကျေးစွာ ဆက်ဆံဖို့ သင်ယူရန်လိုအပ်

ယာဉ်မောင်းများက ခရီးသွားပြည်သူများအား ယဉ်ကျေးစွာ ဆက်ဆံဖို့ သင်ယူရန်လိုအပ်

 

ရန်ကုန်၊ စက်တင်ဘာလ ၃ဝ ။                     ။ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်များ၏ ယာဉ်မောင်းများအနေဖြင့် ခရီးသွားပြည်သူများအပေါ် ယဉ်ကျေးစွာဆက်ဆံခြင်းအပါအဝင် ဝန်ဆောင်မှုအပိုင်းများ သင်ယူရန်လိုအပ်ကြောင်း Power Eleven အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

YBS စနစ်မှာ ခရီးသည်များအား ဝန်ဆောင်မှုပေးသည့် စနစ်ဖြစ်သည့်အတွက် ဘတ်စ်ကားအား အန္တရာယ် ကင်းဘေးရှင်းစွာ မောင်းနှင်နိုင်ခြင်း၊ ခရီးသွားပြည်သူများကို ယဉ်ကျေးစွာပြောဆိုနိုင်ခြင်း၊ ဘတ်စ်ကားတွင် ပါရှိသည့် စက်ပစ္စည်းအစိတ်အပိုင်းများအား ကောင်းမွန်စွာ အသုံးချနိုင်ခြင်းနှင့် ဌာနတစ်ခုနှင့်တစ်ခု ကောင်းမွန် စွာ ချိတ်ဆက်ပြောဆိုဆက်သွယ်နိုင်ခြင်း စသည့်အချက် ၄ ချက်အား သိရှိလိုက်နာသင့်ကြောင်းကိုတရုတ် လေးက မဇ္ဈိမသို့ ပြောသည်။

“ဒီကနေ့ သယ်ယူပို့ဆောင်ရေးက ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာတဲ့အချိန်မှာ အရင်လို အလုအယက်မောင်း စရာမလိုတော့ဘူး။ ပုံမှန်လေးနဲ့ ခရီးသည်ကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်လာတယ်… ဖြစ်လာတော့ ကျွန်တေ်ာတို့ ယာဉ်မောင်းသူတွေအနေနဲ့ ဒီဝန်ဆောင်မှုပိုင်းကို ပေးနိုင်အောင် ကြိုးစားရတော့မယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ဆက်လက်၍ “ဝန်ဆောင်မှုပိုင်းကို မပေးနိုင်ဘူး။ မကြိုးစားဘူး။ မသင်ယူဘူးဆိုရင် သူတို့ နောင်တစ်ချိန်မှာ ဘတ်စ်ကား လောကမှာ ရပ် တည်ဖို့အတွက် အလုပ်မရှိဖြစ်သွားမယ်။ လိုက်နာပြောင်းလဲတဲ့ အနေနဲ့ ဒီဝန် ဆောင်မှုဆိုတဲ့ အပိုင်းကို သင်ယူရ မယ်။ ဆိုလိုတာက အရင်က လိုင်းကားမောင်းရင် လိုင်းကားယာဉ် မောင်းပေါ့။ ဒီကနေ့မှာ တော့ သူတို့က ဘတ်စ်ကပ္ပတိန် တစ်ယောက်ဖြစ်ဖို့လိုတယ်”ဟု ကိုတရုတ်လေးက ပြောသည်။

လက်ရှိတွင် မ.ထ.သ စနစ်မှ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ဖြင့်  YBS စနစ်သို့ ပြောင်းလဲပြေးဆွဲနေသော် လည်း အပြိုင်အဆိုင်မောင်းနှင်သော ဘတ်စ်ကားများလည်း ရှိနေပြီး ခရီးသည်များအပေါ် မချေမငံ ဆက်ဆံ ခြင်းများရှိနေကြောင်း ခရီးသည်တစ်ဦးဖြစ်သည့် မရမ်းကုန်းမြို့နယ်မှ ဦးမြင့်အောင်က ပြောသည်။

“ မနေ့ညကဆိုရင် ကျွန်တော် တာမွေကနေ မရမ်းကုန်းဘက်ကို ၇၉ ယာဉ်လိုင်းကို စီးသွားတာပေါ့။ အဲ့ဒီမှာဗျာ ယာဉ်မောင်းက တက္ကစီကိုကားလမ်းတောင်းတာ မပေးလို့ဆိုပြီး မိုးမွန်းအောင်ဆဲတာဗျ။ ကားကိုလည်း အုန်းဒိုင်း နဲ့ ဘရိတ်အုပ်လိုက် ဆောင့်လိုက်နဲ့ မောင်းတာ။ ကားပေါ်မှာလည်း သက်ကြီးရွယ်အိုတွေလည်းပါတယ်။ အကုန် လုံး ဖရိုဖရဲနဲ့။ ကျွန်တော်စီးလာတဲ့ ကားရှေ့မှာက ၇၉ နှစ်စီးရှိတယ်လေ။ ယာဉ်မောင်းက အဲ့ဒါကို ကျော်တက် ချင်နေတာ။ အရှေ့မှာထိုင်တဲ့ အမကြီး တစ်ယောက်က မနေနိုင်လို့ ဖြည်းဖြည်းမောင်းဖို့ပြောတော့ အော်ကြီး ဟစ်ကျယ်နဲ့ ခင်ဗျားနဲ့ ဘာနဲ့ပြောနေတာဗျ။ ပြီးတော့ ရအောင်ကျော်တက်ပြီး အတင်းမောင်းချသွားတယ်။ ကျွန်တော် မှတ်တမ်းမယူထားလိုက်လို့။ မဟုတ်ရင်တိုင်တယ်”ဟု ခရီးသည် ဦးမြင့်အောင်က ပြောသည်။

မကြာသေးမီကလည်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၊ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ကုမ္ပဏီ (YUPT) နှင့် Omni Focus ကုမ္ပဏီတို့မှ ယာဉ်မောင်း ၅၆ ဦးကို ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာ သောက်စား ကာ ယာဉ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ခရီးသည် များအား မချေမငံ ဆက်ဆံခြင်း၊ မီးနီဖြတ်မောင်း ခြင်း၊ YRTA မှ သတ်မှတ်ထားသော အချက်ကြီး ၄ ချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကုမ္ပဏီစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်စီးခများ ခိုးယူခြင်းနှင့် ခရီးသည်များထံက ယာဉ်စီးခများ တောင်း ခံခြင်းများ ပြုလုပ်ခဲ့သည် ဟုဆိုကာ ရာသက်ပန်ထုတ်ပယ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required