နှစ်ရက်ကြာ ဆန္ဒပြခဲ့သော မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်ရရန် ထိုင်းအလုပ်ရှင်နှင့် သဘောတူညီမှု ရရှိ

နှစ်ရက်ကြာ ဆန္ဒပြခဲ့သော မြန်မာအလုပ်သမားများ လုပ်အားခ အပြည့်ရရန် ထိုင်းအလုပ်ရှင်နှင့် သဘောတူညီမှု ရရှိ
ပုံ AAC 

 

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                   ။ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်ရှိ ပြောင်းဖူးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသဖြင့် နှစ်ရက်ကြာ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်ခဲ့ရာမှ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ထိုင်းအလုပ်ရှင်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

ကန်ချနပူရီမြို့ ရှိ River Kwai International စက်ရုံမှ မြန်မာအလုပ်သမားများ ထိုင်းအလုပ်သမား ဥပဒေအရ လုပ်အားခ အပြည့်အဝ ရရှိရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်၊ အလုပ်နားရက်၊ အလုပ်နားချိန် ရရှိရေးအတွက် စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့သည်ဟု အလုပ်သမားများအား ကူညီပေးနေသော အလုပ်သမားမဟာမိတ်အဖွဲ့ (AAC)မှ အထွေထွေ တာဝန်ခံ ဦးရဲမင်းက ပြောသည်။

“ ၅၀၀ ကျော်က လုပ်အားခ ဈေးနှိမ့်ပြီးတော့ လုပ်အားခ ခေါင်းပုံဖြတ်ပြီးတော့ ခိုင်းနေတာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆နှစ်ရှိပြီပေါ့နော်။ အဲဒါကို ကျေနပ်မှု မရှိလို့ အလုပ်သမားတွေ စည်းလုံးမှု ရသွားပြီးတော့ နှစ်ရက်ဆက်တိုက် အလုပ်နားပြီးတော့ ဆန္ဒဖော် ထုတ်တာ၊ မနေ့က ည ၇ နာရီလောက်မှ ညှိနှိုင်းမှု ပြီးတယ်။ သဘောတူညီမှုကို တော့ ထိုင်းဥပဒေအတိုင်း ခံစားခွင့်ရမယ်”ဟု ဦးရဲမင်းက ပြောသည်။

မြန်မာအလုပ်သမားများ၊ ထိုင်းအလုပ်ရှင်နှင့် AAC၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိ၊ ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ လဝက၊ ရဲတပ်ဖွဲ့များ စုပေါင်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

“ထိုင်းဥပဒေအရ အလုပ်သမား တစ်ဦး ၃၀၅ ဘတ်ရမယ်။ အချိန်ပို ၅၇ ဘတ ်ရမယ်။ အခြား အိမ်သာတက်ရင် မပေးတက်တာတို့၊ တနင်္ဂနွေနေ့လုပ်ရင် နှစ်ရက်စာမရတာတို့၊ နေမကောင်းရင် ပိုက်ဆံမပေးတာတို့ ၊အလုပ်ပိတ်ရက်တွေ ပိုက်ဆံမရတာတို့ အခြား အသေး အဖွားကိစ္စ အုလုပ်ရှင်ဘက်က ချိုးဖောက်ရင် အလုပ်ရှင်ကို အရေးယူမယ်ပေါ့။ အဓိက ကျတဲ့ ၇ ရက်၊ ၈ ချက်လောက် ရသွားတယ်” ဟု ဦးရဲမင်းက ပြောသည်။

 

ထိုင်းဥပဒေအရ အလုပ်သမား တစ်ဦးလျှင် လုပ်အားခ ၃၀၅ ဘတ်၊ အချိန်ပိုကြေး ၅၇ ဘတ်နှင့် နားရက်များ ရရှိမည် ဖြစ်သလို၊ နားရက်တွင် အလုပ်ဆင်းပါက ၂ ဆ ပေးရန်တို့ အပါအဝင် အချက် ၇ ချက်ခန့် သဘောတူညီမှု ရရှိခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ စက်ရုံတွင် ပြောင်းဖူးဖြင့် ပြုလုပ်သော စားသောက်ကုန်များ ထုတ်လုပ်နေပြီး လွန်ခဲ့သည့် ၅ နှစ်ကျော် ၆ နှစ် ခန့်ကြာ မြန်မာ အလုပ်သမား ၅၀၀ ကျော် လုပ်ကိုင်ခဲ့ရာ အမျုးိသား တစ်ဦးလျှင် လုပ်အားခ ၂၄၀ ဘတ်နှင့် အမျိုးသမီး တစ်ဦးလျှင် ၂၃၀ ဘတ်၊ အချိန်ပိုကြေး အမျိုးသား ၃၅ ဘတ်မှ အမျိုးသမီး ၃၃ ဘတ် ပေး၍ လုပ်အားခ ခေါင်းပုံဖြတ်ခံခြင်း ဖြစ်သည်ဟု သူက ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ AAC အနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသော မြန်မာ အလုပ်သမားများများနှင့် ပတ်သက်၍ စက်ရုံ အလုပ်ရုံပေါင်း ၂၇ မှုအား ကူညီဖြေရှင်းပေးခဲ့ပြီး ဖြစ်သော်လည်း အလားတူ ထိုင်းနိုင်ငံရောက် အလုပ်သမားအခွင့်အရေးချုးိဖောက်ခံရမှုများ အများအပြား ရှိနေသေးသဖြင့် AAC အား အကူအညီတောင်းလာပါက ကူညီရန် အဆင်သင့်ရှိသည်ဟု ဦးရဲမင်းက ပြောသည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required