စစ်တွေရောက် ဟိန္ဒူဘာသာဝင်များ မူလနေရပ်သို့ မပြန်လို

စစ်တွေရောက် ဟိန္ဒူဘာသာဝင်များ မူလနေရပ်သို့ မပြန်လို
ဓာတ်ပုံ - စိုးသူရ

 

မောင်တော၊ စက်တင်ဘာလ ၂၉ ရက်။                   ။ စစ်တွေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာကြသည့် ဟိန္ဒူ ဘာသာဝင်များအနေနှင့် မူလနေရပ်သို့ ပြန်ရန် ဆန္ဒမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ကျွန်မတို့ အဲဒီခမောင်းဆိပ်ကို နောက်ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ဒီမှာပဲ နေတော့မယ်။ ” ဟု မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသည့် စစ်တွေရောက် ဟိန္ဒူဘာသာဝင် ချော်ရှော်ချော်သီးက ပြောသည်။

သြဂုတ် ၂၅ ရက်နေ့က လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်မှ ဟိန္ဒူဘာသာဝင်များမှာ ဘင်္ဂလားဒေ့ရှ်နှင့် စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဟိန္ဒူဘာသာဝင် အများအပြား ပျောက်ဆုံးနေသည်ဟု သတင်းများထွက်ပေါ်နေသည့် မောင်တောမြို့နယ်အတွင်း မကြာသေးခင်က ရုပ်အလောင်း ၄၅ လောင်းကို တူးဖော်တွေ့ရှိခဲ့ပြီး ၂၅ ဦး၏ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ရာ ၎င်းတို့မှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။

တူးဖော်တွေ့ရှိသည့် အလောင်းများ၏ ရှင်ကျန်ရစ်သော မိသားစုဝင်များမှ ပြောကြားချက်အရ ဟိန္ဒူဘာသာဝင်များအား အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဟိန္ဒူဘာသာဝင်များမှာ မောင်တောဒေသ တည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့သည့်တိုင် သွားရောက် ပြန်လည် အခြေချရန် ဆန္ဒမရှိတော့ကြဟု ဆိုကြသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် "သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" ဖော်ပြခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာကြသော ဟိန္ဒူဘာသာဝင်များ၏ ပြောကြားချက်အရ ၎င်းတို့အနေနှင့် မောင်တောဒေသတွင် နေထိုင်ရန် စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြောင်း တွေ့ရသည်။

နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ဟိန္ဒူဘာသာဝင် ၅၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်သို့ ထွက်ပြေးခဲ့ကြပြီး ၁၀၀၀ ခန့်မှာ စစ်တွေမြို့သို့ ရောက်ရှိ ခိုလှုံနေကြသည်ဟု သိရသည်။

မူလနေရပ် မောင်တောဒေသသို့ ပြန်လည် အခြေချလိုတော့ခြင်း မရှိကြသည့် စစ်တွေရောက် ဟိန္ဒူဘာသာဝင်များ၏ အနာဂတ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအနေဖြင့်  တိုင်ပင်ဆွေးနွေးသွားမည်ဟု ဆိုသည်။

“ လောလောစဉ်မှာတော့ မပြန်ဘူးဆိုသူတွေအတွက် အစီစဉ်မလုပ်ရသေးဘူး။ အဲဒီကို တကယ် မပြန်တော့ဘူးဆိုတဲ့ သူတွေဆီက အချက်အလက်တွေ ကောက်ယူပြီးတော့ သူတို့တွေကို ဘယ်မှာထားမယ်၊ ဘယ်လိုနေရာချပေးမယ်ဆိုတာ တွေကို အစိုးရအဖွဲ့အကြီးအကဲတွေနဲ့ အစည်းဝေးလုပ်ပြီးတော့ တိုင်ပင်ဆွေးနွေးသွားမှာပါ။” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် RiA သို့ ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required