မန္တလေးကမ်းနားတလျှောက် ကျူးကျော်နေထိုင်သူများကို အလုပ်အကိုင်နှင့် သက်မွေးပညာသင်ကြားပေးလျက်ရှိ

မန္တလေးကမ်းနားတလျှောက် ကျူးကျော်နေထိုင်သူများကို အလုပ်အကိုင်နှင့် သက်မွေးပညာသင်ကြားပေးလျက်ရှိ

မန္တလေး၊စက်တင်ဘာ ၂၉ ။                 ။ မန္တလေးမြို့၊ကမ်းနားလမ်းတစ်လျောက် ကျူးကျော်နေထိုင်သူများကို အမရပူရမြို့ပြစီမံကိန်းတွင် အလုပ်အကိုင်များပေးပြီး သက်မွေးပညာများ သင်ကြားပေးလျှက်ရှိသည်ဟု အမရပူရမြို့ပြစီမံကိန်းဆောင်ရွက်နေသည့်Mandalay Business Capital City Development Ltdမှ ပြန်ကြားရေးတာဝန်ခံ ဦးရဲဇော်ဝင်းက မဇ္ဈိမကိုပြောသည်။

"နေ့စားဆိုပေမယ့်။နေ့စဉ်အလုပ်ရှိအောင် ဖန်တီးပေးထားတယ်။တစ်ချို့ကို သက်မွေးပညာသင်ကြားပေးနေတယ်။ကျူးတွေ အလုပ်လုပ်ချင်ရင် ကျွန်တော်တို့ဆီကို စာရင်းလာပေးရုံပါပဲ။အားလုံးကို အလုပ်ပေးသွားမှာပါ။"ဟု ဦးဇော်ရဲဝင်းကပြောသည်။

လက်ရှိတွင် ကျူးကျော်နေထိုင်သူ ၄၀ဦးကျော်ကို နေ့စားဝန်ထမ်းများအဖြစ် ယင်းကုမ္ပဏီမှ အလုပ်အကိုင်များပေးထားပြီး သက်မွေးပညာအဖြစ် သံချီ၊သံကွေး၊ပန်းရံ၊ဆေးသုတ် စသည်တို့ကို သင်ကြားပေးလျက်ရှိသည်။

ထို့ပြင် အဆိုပါလုပ်သားများအနေဖြင့် လုပ်ငန်းများကျွမ်းကျင်လာပါက ဝန်ထမ်းအဖြစ်ခန့်အပ် အလုပ်ပေးသွားမည်ဟု ဦးဇော်ရဲဝင်းက ဆိုသည်။

ထိုသို့အလုပ်ပေးရခြင်းသည် ကျူးကျော်နေထိုင်သူများအနေဖြင့် ကျဘမ်းလုပ်ကိုင်စားသောက်နေရပြီး ဘဝရပ်တည်ရန်အခက်အခဲများရှိနေခြင်းကို မြင်တွေ့နေရခြင်းကြောင့် ယခုလိုအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြစ်သည်ဟုလည်း ဦးဇော်ရဲဝင်းထံက သိရသည်။

လက်ရှိတွင် ကျူးကျော်နေထိုင်သူများအနေဖြင့် အလုပ်လုပ်ကိုင်လိုပါက စီမံကိန်းဆောင်ရွက်နေသည့် ရှမ်းလေးကျွန်း၊ရွှေလှံဗိုလ်ပန်းခြံအနီးရှိ ရုံးခန်းသို့ လာရောက်စာရင်းပေးနိုင်ကြောင်း သိရသည်။

မန္တလေးမြို့ ကမ်းလမ်းတစ်လျှောက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ထောင်ချီရှိနေသည်။

အဆိုပါ စီမံကိန်းသို့အလုပ်လာရောက်တောင်းခံသူများအားလုံးကို အလုပ်အကိုင်များပေးသွားမည်ဖြစ်ပြီး ၎င်းတို့မိသားစုဝင်သားသမီးများကိုလည်း ကျောင်းပညာအခမဲ့သင်ကြားပေးသွားမည်ဟု သိရသည်။

အမရပူရမြို့ပြစီမံကိန်းကို အမရပူရမြို့နယ်၊ရှမ်လေးကျွန်းတွင် ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလတွင် အနီးပတ်ဝန်းကျင်မှဒေသခံများနှင့် စီမံကိန်းအနီး ကမ်းနားလမ်းတလျောက်ကျူးကျော်နေထိုင်သူများကို အလုပ်အကိုင်များပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly