ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲအပေါ် ပြည်ပစုံစမ်းရေးများ ဝင်စစ်ခွင့်ပြု

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲအပေါ် ပြည်ပစုံစမ်းရေးများ ဝင်စစ်ခွင့်ပြု

 

မနီလာ၊ စက်တင်ဘာ ၂၉   ။                  ။ ဖိလစ်ပိုင် သမ္မတ ဆင်နွှဲသော အငြင်းပွားဖွယ် မူးယစ်ဆေးဝါးချေမှုန်းရေးစစ်ပွဲကို ပြည်ပစုံစမ်းစစ်ဆေးမှုများကို ဝင်စစ်ခွင့်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေး ရက်စ်တေလာဆန်နှင့် ဝါရှင်တန်တွင် စက်တင်ဘာ ၂၇ ရက်က တွေ့ဆုံခဲ့သည့် အလန်ပီတာကာယီတာနိုက မူးယစ်စစ်ပွဲသည် ပွင့်လင်းမြင်သာမှုရှိသော စစ်ဆင်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အာမခံပြုပြောကြားသည်။

“ကျွန်တော်တို့ မူးယစ်စစ်ပွဲမှာ ဘာမှ ဖုံးကွယ်ထားတာ မရှိဘူးဆိုတာ အာမခံတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိတဲ့ ပညာရှင်၊ စောင့်ကြည့်စစ်ဆေးသူတွေနဲ့ လက်တွဲလုပ်သွားဖို့ အသင့်ရှိနေတယ်။”ဟု ၎င်းက ပြောသည်။

“စုံစမ်းစစ်ဆေးမှုမှာ နိုင်ငံရေးမနွယ်ဘူးဆိုရင် စုံစမ်းရေးပညာရှင်တွေကို ကြိုဆိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမနွယ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ယုံကြည်လောက်တဲ့ ရလဒ်ထွက်မှာပါ။”ဟု အလန်ပီတာက ပြောသည်။ ၎င်းသည် နယူးယောက်က ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ပြီးနောက် အမေရိကန်သို့ တရားဝင်ခရီး လည်ပတ်ခဲ့သည်။

“မီဒီယာသတင်းတွေနဲ့ ဆန့်ကျင်ဖက်ပါပဲလို့ ပြောချင်ပါတယ်။ ဖိလစ်ပိုင်ဟာ တရားလက်မဲ့သတ်ဖြတ်ခြင်းတွေ ခွင့်ပြုနေတဲ့ ပေါ်လစီမျိုး မရှိပါဘူး။”ဟု တေလာဆန်နှင့် တွေ့ဆုံမှုတွင် အလန်ပီတာက ပြောခဲ့သည်။

၂၀၁၆ ဇွန်လက စပြီး သမ္မတတာဝန်ယူသည့် ဒူတာတေး၏ မူးယစ်စစ်ပွဲအတွင်း ဖမ်းဆီးမှုကို ခုခံသည်ဆိုသော သံသယရှိသူ ၃၈၀၀ ကျော်ထက်မနည်းကို ရဲက သုတ်သင်သတ်ဖြတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required